Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးခူပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက ငါးခူပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်းက ငါးခူပိဿာချိန် ၅၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးခူ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးခူများတင်ပို့ရောင်းချအားတက်လာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

“ငါးခူ တင်ပို့အားကောင်းတော့ အဓိကအဆင်ပြေနေတာတော့ ရေလုပ်သားတွေပါ။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ငါးခူပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအပေါ်မူတည်ပြီး တင်ပို့ရောင်းချနေပါတယ်။ လက်ရှိအချိန်ကဒေသမှာ ငါးခူတွေထွက်ရှိနေတဲ့အချိန်ပါ။ ဒီငါးခူက ပြည်တွင်းမှာကို စားသုံးမှုများတဲ့ငါးဖြစ်ပါတယ်။ ကျိုက်လတ်မြို့နယ်ဘက်က ရေထွက်ကုန်မှန်သမျှကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကိုပါ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၀ မှ ၁၅၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ငါးခူများကို စနစ်တကျထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေကြောင်း၊ ငါးခူများဝယ်ယူမှုအားကောင်းလာသည့်အတွက် ငါးခူမွေးမြူသူများ၊ ကုန်သည်များ၊ ငါးခူရှာဖွေသူလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News