International News

၂၀၂၄ နှစ်ကုန်အထိ ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား ၁.၇ သန်းခန့် လာရောက်လည်ပတ်မည်

Last Updated:

ယခုနှစ်ကုန်ပိုင်းတွင် ရုရှားခရီးသွား ၁.၇ သန်းခန့်သည် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်မှတ်တမ်းတင်ထားသော အမြင့်ဆုံးအရေအတွက်ထက် ထပ်မံကျော်လွန်သွားမည်ဖြစ်ကြောင်း ရုရှားခရီးသွားလုပ်ငန်း Tez Tour ၏အရှေ့တောင်အာရှဆိုင်ရာ အထွေထွေကိုယ်စားလှယ် Mr. Andrey Snetkov က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်အစပိုင်းမှစပြီး ထိုင်းနိုင်ငံသို့ ရုရှားနိုင်ငံသားခရီးသွား ၉၃၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး အခြားနိုင်ငံခြားဧည့်သည်များအကြား နံပါတ်ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။ထိုင်းနိုင်ငံ၏ အကြီးဆုံးခရီးသွား ဈေးကွက်မှာ တရုတ်နိုင်ငံ(ကမ္ဘာလှည့်ခရီးသည် ၃.၅ သန်းကျော်)၊ ဒုတိယနေရာမှာ မလေးရှား(၂.၅ သန်း)၊ တတိယ နေရာမှာ အိန္ဒိယ(၁.၁ သန်း)နှင့် စတုတ္ထနေရာမှာ တောင်ကိုရီးယား(၉၅၀,ဝဝဝ)ဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ ရုရှားနိုင်ငံသားများအတွက် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ရက်ပေါင်း ၆၀ ကြာဗီဇာကင်းလွတ်ခွင့်စနစ် စတင်အသက်ဝင်ခဲ့သည်။ ယင်းသည် ဇူလိုင်လ ၃၁ ရက်နေ့အထိ အကျုံးဝင် မည်ဖြစ်သည်။ ထို့အပြင် အပြန်အလှန်ခရီးစဉ်များတွင် ဗီဇာစည်းမျဉ်းများကို ပယ်ချခြင်းဆိုင်ရာ အစိုးရအချင်းချင်းသဘောတူညီချက်အရ ဗီဇာကင်းလွတ်ခွင့်ကာလသည် ရက်ပေါင်း ၃၀ အထိ သက်တမ်းရရှိသည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရုရှားနိုင်ငံသား ၁.၄၈ သန်းလာရောက်လည်ပတ်ခဲ့ပြီး ယင်းတို့ထံမှ ရရှိသောဝင်ငွေမှာ ဘတ်ငွေ ၉၃.၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ)ရှိပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား သန်း ၄၀ ဝင်ရောက်ရန်မျှော်မှန်းထားပြီး ၀င်ငွေဘတ် ၂.၃ ထရီလီယံ(ဒေါ်လာ ၆၀ ဘီလီယံ)ရှိလာမည်ဖြစ်ပါသည်။

Source :        https://tass.ru/ekonomika/21307187

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News