International News

ဂျပန်နိုင်ငံရှိ အစိုးရဝန်ထမ်းများ၏ လစာအား ၃၂ နှစ်အတွင်း အမြင့်ဆုံးနှုန်းထားသို့ တိုးမြှင့်ပေးသွားမည်

Last Updated:

ပြည်တွင်းဝယ်လိုအားတိုးမြှင့်ပေးခြင်းမှတစ်ဆင့် ဂျပန်နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးအတွက် ကျောင်းဆရာများမှသည် ရေကြောင်းလုပ်သားများအထိ ဂျပန်နိုင်ငံရှိ အစိုးရဝန်ထမ်းများ၏လစာအား နှစ်ပေါင်း ၃၀ ကျော်အတွင်း အမြင့်ဆုံးနှုန်းထားသို့ တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် လက်ရှိဘဏ္ဍာနှစ်အတွင်း အစိုးရဝန်ထမ်းများ၏ပျမ်းမျှအခြေခံလစာကို ၂.၇၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် ဂျပန်၊ National Personnel Authority က အကြံပြုထားပြီး၊ စုစုပေါင်းလစာကို ၄.၄ ရာခိုင်နှုန်းတိုးမြှင့်ပေးသင့်ကြောင်း အဆိုပြုလွှာတင်ပြခဲ့ကြောင်းနှင့် ထိုသို့လစာတိုးမြှင့်မှုပမာဏမှာ ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် အများဆုံးဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် နိုင်ငံအတွင်း ကာလရှည်ကြာဝန်ထမ်းရှားပါးမှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ဝန်ထမ်းများကို ဆွဲဆောင်နိုင်ရေးအတွက် အစိုးရဝန်ထမ်းများ၏ကနဦးလစာကိုလည်း အများအပြားတိုးမြှင့်ပေးရန်အကြံပြုတင်ပြခဲ့ကြောင်း၊ တက္ကသိုလ်ဘွဲ့ရများအတွက် ကနဦးလစာကို ၁၄.၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်တင်ပြခဲ့ကြောင်းနှင့် အဆိုပါကနဦးလစာမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းများပြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် လူဦးရေကျဆင်းလာခြင်းနှင့် သက်ကြီးရွယ်အိုများ များပြားလာခြင်းတို့ကြောင့် ငယ်ရွယ်ပြီး အရည်အချင်းရှိသူများကို အလုအယက်ရှာဖွေရန် အလုပ်ရှင်များကို တွန်းအားပေးလျက်ရှိကြောင်း၊ အစိုးရဌာနများတွင် ပုံမှန်ရာထူးများအတွက် ဘွဲ့ရဝန်ထမ်းအသစ်လျှောက်ထားသူအရေအတွက်သည် ၂၀၁၂ ခုနှစ်၊ နွေဦးရာသီမှစတင်၍ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း National Personnel Authority ၏ မတ်လအစီရင်ခံစာအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

National Personnel Authority ၏ အကြံပြုချက်နှင့်အညီ လစာတိုးမြှင့်ပေးမည်ဆိုပါက ယန်း ၃၈၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ) ပိုမို၍ ဘဏ္ဍာငွေသုံးစွဲရမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း၊ အစိုးရကဏ္ဍတွင် လုပ်အားခတိုးမြှင့်မှုနှုန်းမှာ ပုဂ္ဂလိကကဏ္ဍတွင် လုပ်အားခတိုးနှုန်းထက် နောက်ကျလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း အလုပ်သမားသမဂ္ဂများနှင့် အလုပ်ရှင်များအကြားပြုလုပ်ခဲ့သည့် လုပ်ခ လစာဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် အလုပ်ရှင်များအနေဖြင့် အခြေခံလစာကို ၃.၅၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်အပါအဝင် စုစုပေါင်းလစာကို ၅.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် ကတိပြုခဲ့ကြကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏ဝန်ဆောင်မှုရငွေများကောက်ခံမှုမှာ တန့်နေလျက်ရှိသည့်အတွက် အစိုးရဝန်ထမ်းများကို လစာတိုးမြှင့်ပေးနိုင်ရေး နှောင့်နှေးရခြင်းဖြစ်ကြောင်း၊ထို့ကြောင့် ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအနေဖြင့် အစိုးရဝန်ထမ်းများအား လစာတိုးမြှင့်ပေးရန်အတွက် လိုအပ်သည့်ရန်ပုံငွေများရရှိနိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုနှုန်းထားများကို တိုးမြှင့်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Times

Category: International News