International News

ဂျပန်နိုင်ငံမှကြွေးမြီဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့၏ ‘A’ အဆင့်သတ်မှတ်ချက်အား ဖိလစ်ပိုင်နိုင်ငံမှရရှိ

Last Updated:

ဂျပန်နိုင်ငံအခြေစိုက် Rating and Investment Information Inc; (R&I) သည် ဖိလစ်ပိုင်နိုင်ငံ၏ တည်ငြိမ်သောအခြေအနေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာခြင်းနှင့် ငွေကြေးခိုင်မာမှု အားကောင်းလာခြင်းတို့ကြောင့် ကြွေးမြီပြန်လည်ပေးဆပ်နိုင်စွမ်းဆိုင်ရာ အဆင့် သတ်မှတ်ချက် (Souvereign Credit Rating) “A” အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် “A” အဆင့်သတ်မှတ်ချက်အား ဒုတိယကြိမ်ရရှိခြင်းဖြစ်ပြီး လွန်ခဲ့သော ၆ နှစ်တာကာလ၊ ၂၀၂၀ ခုနှစ်ကလည်း “A-” အဆင့်အား ရရှိခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရအား R & I မှ ယခင်ပေးအပ်ခဲ့သည့် အဆင့်သတ်မှတ်ချက် “BBB+” မှ အဆင့်တိုးမြှင့်ပြီး ယခု “ A” အဆင့်သို့ သတ်မှတ်ပေးခဲ့ခြင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ တိုးတက်မှုတစ်ခုဖြစ်သည်ဟု ကိုယ်စားပြုကြောင်း ဖော်ပြထားပါသည်။ အစီရင်ခံစာပါဖော်ပြချက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ပထဝီအနေအထားကောင်းမွန်ခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန်နှင့် အစိုးရ -ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအား တက်ကြွစွာဆောင်ရွက်နေခြင်း၊ အစိုးရဝင်ငွေ တိုးမြင့် လားခြင်းနှင့် တည်ငြိမ်သော စီးပွားရေးစနစ်အား တည်ဆောက်ထားနိုင်ခြင်းတို့ကြောင့် ယခု ကဲ့သို့ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ အဆင့်တိုးမြှင့်ပေးခံရခြင်းသည် အစိုးရနှင့် ပုဂ္ဂလိကတို့မှ အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိနိုင်မည်ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်များ ရရှိနိုင်စေမည်ဖြစ်ပြီး မြီရှင်နိုင်ငံ၊ အဖွဲ့အစည်းများအနေဖြင့်လည်း ဖိလစ်ပိုင်နိုင်ငံအပေါ် ယုံကြည်စိတ်ချရမှု ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နှစ်လတ်ဘဏ္ဍာရေးမူဘောင်(Medium-term Fiscal Framework) သည် ယခုကဲ့သို့ ကြွေးမြီဆိုင်ရာ အဆင့်သတ်မှတ်ချက် “A” အဆင့် ရရှိစေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အတွက် အသေးစိတ်ဆောင်ရွက်နေသည့် အစီအမံများထဲမှ တစ်ခုဖြစ်ပါသည်။ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံသည် အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှုကိုလည်း လျှော့ချလာနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ အိမ်ထောင်စုများ၏ ဝင်ငွေ တိုးမြင့်လာခြင်း၊ ဆင်းရဲနွမ်းပါးမှုများ လျှော့ချနိုင်ခြင်းနှင့် ထိုမှတဆင့် တိုင်းပြည်၏ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။

အမေရိကန်အခြေစိုက် Open Budget Survery (OBS) အဖွဲ့မှ ဖိလစ်ပိုင်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ အစိုးရ၏ ပါဝင်မှု၊ ရသုံးငွေစာရင်းဆိုင်ရာစသည့် အချက်အလက် များအပေါ် ခြုံငုံသုံးသပ်လေ့လာပြီး ၂၀၂၃ ခုနှစ်အတွင်း အာရှနိုင်ငံများကြား ဖိလစ်ပိုင်နိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင့်သာမှုအရှိဆုံး ပထမအဆင့် နေရာသို့ပေးအပ်ခဲ့ပါသည်။ ထို့ပြင် သမ္မတမားကို့စ် အစိုးရကာလ ပြီးဆုံးမည့် ၂၀၂၈ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုအဆင့်သတ်မှတ်ချက်အား single-digit သို့ လျှော့ချနိုင်ရေး၊ ၂၀၂၅ ခုနှစ်တွင် အလယ်အလတ်အဆင့် ဝင်ငွေရရှိသည့် ထိပ်တန်းအဆင့်နေရာသို့ ရောက်ရှိနေသည့် နိုင်ငံတစ်ခုဖြစ်စေရန် အကောင် အထည်ဖော် ဆောင်ရွက်နေရာတွင် ကြွေးမြီဆိုင်ရာ စိတ်ချရမှု အဆင့်သတ်မှတ်ချက် Sovereign Credit Rating ‘A” အဆင့်ရရှိရန်မှာ Top Goal တစ်ခုဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

Source: https://business.inquirer.net/474841/philippines-gets-a-rating-from-japanese-credit-watchdog?utm_source=(direct)&utm_medium=gallery

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News