International News

လျှပ်စစ်မော်တော်ကားအခွန်အပြောင်းအလဲများအတွက် အစိုးရအဖွဲ့သို့ တင်ပြသွားရန် ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ ပလပ်ပေါက်ထိုးနှစ်မျိုးသုံးလျှပ်စစ်မော်တော်ကားများ(plug-in hybrid electric vehicles -PHEVs)အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အသက်ဝင်အထောက်အပံ့ပေးမည့်အစီအမံများကို အစိုးရအဖွဲ့သို့တင်ပြနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။

PHEV များကို ထောက်ပံ့မည့် အစီအမံအတွက် အဓိကအချက် ၂ ချက်မှာ PHEVs နှင့် လျှပ်စစ်မော်တော်ကားများ၏ အခွန်ပုံစံကို သီးခြားစီဆောင်ရွက်ခြင်းနှင့် PHEVs များအတွက် အခွန်နှုန်းထားသည် ကာဗွန်ထုတ်လွှတ်မှုအပေါ် အခြေခံခြင်းမဟုတ်တော့ဘဲ အားအပြည့်သွင်းထားပါက သွားနိုင်သည့် ခရီးအကွာအဝေးပေါ် မူတည်မည်ဖြစ်ကြောင်း၊ ခရီးကြာကြာသွားနိုင်သည့် မော်တော်ကားများသည် အခွန်နှုန်းထားနိမ့်မည်ဖြစ်ပြီး ခရီးတိုပါက အခွန်နှုန်းထားမြင့်မားမည်ဖြစ်ကြောင်း၊ တတိယအစီအမံသည် လက်ရှိလောင်စာလှောင်ကန်စွမ်းဆောင်ရည်၏ ၄၅ လီတာကန့်သတ်ချက်ကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း၊ PHEVs အတွက် သတ်မှတ်ထားသည့် အခွန်နှုန်းထားများကို အစိုးရအဖွဲ့အတည်ပြုချက်ရရှိပါက ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး Mr. Paopoom Rojanasakul က ပြောကြားခဲ့သည်။

ယခင်ခွင့်ပြုခဲ့သော PHEV အခွန်ပုံစံအရ အားအပြည့်သွင်းထားသော PHEV များသည် ခရီးအကွာအဝေး ၈၀ ကီလိုမီတာထိ သွားရောက်နိုင်ပါက အခွန်နှုန်းထား ၅ ရာခိုင်နှုန်းဖြစ်ပြီး ၈၀ ကီလိုမီတာအောက်နည်းပါက အခွန် ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ PHEVs ကို ထောက်ပံ့ပေးခြင်းသည် ထိုင်းနိုင်ငံ၏မော်တော်ကားစက်မှုကို စဉ်ဆက်မပြတ်စေရေးအတွက် သင့်လျော်သောနည်းလမ်းဖြစ်ပြီး အနာဂတ်တွင် ဘက်ထရီလျှပ်စစ်မော်တော်ကားများကို ထုတ်လုပ်မှုသို့ ဦးတည်ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားကို အပြည့်အဝလက်ခံကျင့်သုံးရန် ပြောင်းလဲနေစဉ်အတွင်း အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်နှင့် လျှပ်စစ်မော်တော်ကားနည်းပညာကို ပေါင်းစပ်ထားသော PHEV ကို ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ ဘက်ထရီအခွန်အသစ်ပုံစံအတွက် ယစ်မျိုးအခွန်ဦးစီးဌာနက ပြန်လည်သုံးသပ်နေကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဘက်ထရီအမျိုးအစား သို့မဟုတ် အားသွင်းစွမ်းရည်ကိုမကြည့်ဘဲ ဘက်ထရီများအပေါ်တွင် တစ်ပြေးညီအခွန်သည် ၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊  အခွန်ပုံစံအသစ်သည် အသေးစိတ်ပုံစံဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဓာတ်အား ၁ ကြိမ်သွင်းပြီးပါက ဘက်ထရီသက်တမ်းရှည်ကြာသည့် ဘက်ထရီများသည် သက်တမ်းတိုသောဘက်ထရီများထက် အခွန်နည်းမည်ဖြစ်ပြီး စွန့်ပစ်ရသောဘက်ထရီများသည် ပြန်လည်အားသွင်းနိုင်သော ဘက်ထရီများထက် အခွန်မြင့်မားမည်ဖြစ်ကြောင်း၊ အခွန်နှုန်းထားသည် အလေးချိန်နှင့်ဆက်စပ်၍ ဘက်ထရီစွမ်းအင်သိုလှောင်နိုင်မှုအပေါ်တွင်လည်း မူတည်မည်ဖြစ်ကြောင်း၊ လာမည့်နှစ်မှစ၍ အစိုးရ၏အထောက်အပံ့အစီအမံများကို အကျိုးခံစားထားသည့် လျှပ်စစ်မော်တော်ကားတင်သွင်းသူများသည် ပြည်တွင်း၌ ထုတ်လုပ်ရန် လိုအပ်ချက်အရ လျှပ်စစ်မော်တော်ကားအစီးရေ ၁၀၀,၀၀၀ စီးခန့် ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး Mr. Paopoom က ဆက်လက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News