International News

တရုတ်-လာအိုရထားလမ်းသည် နယ်စပ်ဖြတ်ကျော်ကုန်စည်တန်ချိန် ၁၈ သန်းကျော်ကို ကိုင်တွယ်နိုင်ခဲ့

Last Updated:

၂၀၂၁ ခုနှစ် ဒီဇင်ဘာလလုပ်ငန်းများစတင်ချိန်မှစ၍ တရုတ်-လာအိုရထားလမ်းသည် နယ်စပ်ဖြတ်ကျော်ကုန်စည်တန်ချိန် ၁၈ သန်းကျော်ကို သယ်ယူပို့ဆောင်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း China Railway Kunming Group Co. ၏ ထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရသည်။

အဆိုပါရထားလမ်းဖြင့် ကုန်စည်ပို့ဆောင်မှုသည် တည်ငြိမ်စွာ ဆက် လက်တိုးတက်နေပါသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင် ရထားလမ်းသည် နယ်စပ်ဖြတ်ကျော်ကုန်စည်တန်ချိန် ၅.၄၆ သန်းကို ကိုင်တွယ်ခဲ့ပြီး ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခုနှစ်တွင် တိုးတက်မှု အရှိန်အဟုန်ဆက်လက်မြင့်တက်နေပြီး နေ့စဉ်နယ်စပ်ဖြတ်ကျော်တင်ပို့မှုအနေဖြင့် ပျမ်းမျှတန်ချိန် ၁၅၀၀၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။

ရထားလမ်းအာဏာပိုင်များ၏ ပြောကြားချက်အရ သယ်ယူပို့ဆောင်သောကုန်စည်အမျိုးအစားများသည် သိသိသာသာတိုးချဲ့လာနိုင်ခဲ့သည်။ လုပ်ငန်းများစတင်ချိန်၌ ရထားလမ်းသည် ကုန်စည်အမျိုးအစား(၁၀) မျိုးကျော်ကိုသာ ဝန်ဆောင်မှုပေးခဲ့ပြီး အဓိကအားဖြင့် ဓာတ်မြေဩဇာနှင့် အထွေထွေကုန်စည်များဖြစ်သည်။ ယခုအချိန်တွင် လျှပ်စစ်ပစ္စည်းများ(electronics)၊ နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်များ(photo voltaic products)နှင့် အအေးခံသစ်သီးများ(cold-chain fruits)အပါ အဝင် ကုန်စည်အမျိုးအစားစုစုပေါင်း ၃၈၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ရထားလမ်း၏ နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်မှု ကွန်ရက်သည် ယခုအခါ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့်ဒေသ ၃၁ ခုသို့ ချိတ်ဆက်ထားနိုင်ပြီး ထိုင်းနှင့် ဗီယက်နမ်အပါအဝင် Belt and Road Initiative မိတ်ဖက်နိုင်ငံ ၁၉ နိုင်ငံအထိ တိုးချဲ့ချိတ်ဆက်ထားနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ၏မြို့တော်ဗီယင်ကျန်းမြို့အထိ ကီလိုမီတာ ၁၀၃၅ ရှည်လျားသော တရုတ်-လာအိုရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်လည်ပတ်ခဲ့သည်။ နယ်စပ်ဖြတ်ကျော်ခရီးသွားလာရေးအတွက် တိုးပွားလာနေသော လိုအပ်ချက်(growing demand)ကိုဖြည့်ဆည်းရန်အတွက် ကူမင်းနှင့် ဗီယင်ကျန်းအကြား နိုင်ငံတကာခရီးသည်တင်ရထားဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် စတင် နိုင်ခဲ့သည်။

အရင်းမြစ်။ https://en.people.cn/n3/2026/0312/c90000-20435121.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News