International News

အမေရိကန်ပြည်ထောင်စုမှသတ်မှတ်လိုက်သည့် အကောက်ခွန်နှုန်းထားများကြောင့် ၂၀၂၅ ခုနှစ်၊ မေလအစောပိုင်းကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်တင်ပို့မှု ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

အမေရိကန်ပြည်ထောင်စုမှ သတ်မှတ်လိုက်သည့်အကောက်ခွန်နှုန်းထားများကြောင့် ၂၀၂၅ ခုနှစ်၊ မေလပထမ (၁၀) ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်တင်ပို့မှု ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၁၂-၅-၂၀၂၅ ရက်နေ့တွင် အကောက်ခွန်ဝန်ဆောင်မှုဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မေလပထမ (၁၀) ရက်တွင် ပို့ကုန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂.၈ ဘီလီယံသာရရှိခဲ့ရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၂၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုမှ သတ်မှတ်လိုက်သည့်အကောက်ခွန်နှုန်းထားများအပြင် မေလပထမ (၁၀) ရက်အတွင်း ပြည်တွင်း ရုံးပိတ်ရက်များခဲ့သည့်အကြောင်းရင်းသည်လည်း ပို့ကုန်လျော့နည်းရခြင်း အကြောင်းရင်းဖြစ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မေလပထမ (၁၀) ရက်အတွင်း ရုံးဖွင့်ရက်(၆.၅)ရက်ရှိခဲ့သော်လည်း ယခုနှစ်အလားတူကာလတွင် စုစုပေါင်းရုံးဖွင့်ရက် (၅)ရက်သာရှိခဲ့ပါသည်။ သို့ဖြစ်၍ ပျမ်းမျှအားဖြင့် နေ့စဉ်တင်ပို့မှု ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

အဆိုပါကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏အဓိကပို့ကုန်ဈေးကွက်ကြီး (၂)ခုဖြစ်သည့် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုသည် ၂၀.၁ ရာခိုင် နှုန်းနှင့် ၃၀.၄ ရာခိုင်နှုန်းစီအသီးသီးကျဆင်းခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှု သည်လည်း ၁၄.၅ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အပြင် ဥရောပနိုင်ငံများသို့ တင်ပို့မှု သည်လည်း ၃၈.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ သို့သော် ထိုင်ဝမ်(တရုတ်-တိုင်ပေ) သို့ တင်ပို့မှု ၁၄.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

ကုန်စည်အလိုက်တင်ပို့မှုအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများမှလွဲ၍ ကျန်ကုန်စည်များတင်ပို့မှု ကျဆင်းခဲ့ပါသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုသည် ယခင်နှစ်အလားတူကာလကထက် ၁၄ ရာခိုင်နှုန်းမြင့်မားခဲ့ပါသည်။ မကြာသေးခင်က ပြဋ္ဌာန်းလိုက်သည့် အမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်နှုန်းထားသစ်များ သည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုအပေါ် သက်ရောက်မှုမရှိသေးသော် လည်း ကားနှင့်ကားအပိုပစ္စည်းများတင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ပြီး တင်ပို့မှုတွင် ၂၃.၂ ရာခိုင်နှုန်းနှင့် ၄၂.၆ ရာခိုင်နှုန်းစီအသီးသီးကျဆင်းခဲ့ပါသည်။ ရေနံထွက်ပစ္စည်းများနှင့် သံမဏိများတင်ပို့မှုသည်လည်း ၃၆.၂ ရာခိုင်နှုန်းနှင့် ၄၁.၂ ရာခိုင်နှုန်းစီအသီးသီးကျဆင်းခဲ့ပါသည်။ အိမ်သုံးပစ္စည်းများတင်ပို့မှုမှာ သိသိသာသာကျဆင်းခဲ့ပြီး စုစုပေါင်း ၄၇.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

တင်ပို့မှုသာမက တင်သွင်းမှုလည်း ကျဆင်းခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုအပါအဝင် တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တို့မှ တင်သွင်းမှုကျဆင်းခဲ့ပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကုန်စည်များတင်သွင်းမှုမြင့်မားခဲ့ပါသည်။ တင်သွင်းမှုသည် စုစုပေါင်းတင်ပို့မှုထက် ပိုမိုနေသဖြင့် ၂၀၂၅ ခုနှစ်၊ မေလပထမ (၁၀)ရက်အတွင်း အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံ ကုန်သွယ်မှုလိုငွေပြခဲ့ပါသည်။

သို့ဖြစ်၍ စီးပွားရေးပညာရှင်များက “အဆိုးဆုံးအချိန်ကို ရင်ဆိုင်ရန်ရှိနေသေးကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်နှုန်းထားသစ်များ၏ သက်ရောက်မှုများကို ရင်ဆိုင်ရဦးမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လမှစတင်၍ အမေရိကန်ပြည်ထောင်စုသည် ကားများ၊ သံမဏိနှင့် အလူမီနီယံများတင်သွင်းမှုအပေါ် ၂၅ ရာခိုင်နှုန်းစည်းကြပ်ကောက်ခံခဲ့ပြီး အခြားသောသွင်းကုန်များအားလုံးအပေါ် ၁၀ ရာခိုင်နှုန်းစည်းကြပ်ကောက်ခံနေပြီဖြစ်ပါကြောင်း၊ အပြန်အလှန်စည်းကြပ်ခွန်အဖြစ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံမည့်အစီအစဉ်ကို ၈-၇- ၂၀၂၅ ရက်နေ့အထိ ဆိုင်းငံ့ထားသော်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဇီဝဆေးပစ္စည်းများအပေါ် စည်းကြပ်ခွန်များကောက်ခံရေးကြေညာမည့် လက္ခဏာပြနေပါကြောင်း၊ သို့ဖြစ်၍ ပို့ကုန်ကျဆင်းမည့်အလားအလာသည် ယခုမှစတင်၍ မြင်တွေ့နေရပြီဖြစ်ပါကြောင်း” Hyundai Research Institute မှ ဧပြီလအတွင်း ထုတ်ပြန်သော စီးပွားရေးအလားအလာအစီရင်ခံစာတွင် သုံးသပ်ဝေဖန်ဖော်ပြထားပါ သည်။ ထို့ပြင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ပို့ကုန်တင်ပို့မှုပမာဏသည် စီးပွားရေး တိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် အထောက်အပံ့ဖြစ်နိုင်ဖွယ်မရှိကြောင်း၊ ၂၀၂၄ ခုနှစ်က ပို့ကုန်တိုးတက်မှု ၈.၁  ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုတိုးတက်နှုန်းသည် ၄ ရာခိုင်နှုန်းကျဆင်းနိုင်မည်ခန့်မှန်းကြောင်း၊ စီးပွားရေးတိုးတက်နှုန်းသည်လည်း ၀.၇ ရာခိုင်နှုန်းသာတိုးတက်မည် ခန့်မှန်းကြောင်း၊ ယခုခန့်မှန်းချက်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ခန့်မှန်းထားသည့် ၁.၇ ရာခိုင်နှုန်းထက် လျှော့ချခန့်မှန်းထားခြင်းဖြစ်ပါကြောင်း Hyundai Research Institute အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

ကိုရီးယားဘဏ္ဍာရေးတက္ကသိုလ်(The Korea Institute of Finance)ကလည်း နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၀.၈ ရာခိုင်နှုန်းသာတိုးတက်မည်ခန့်မှန်းထားပြီး ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုသည်လည်း ၀.၃ ရာခိုင်နှုန်းသာ တိုးတက်နိုင်သည်ဟု မေလအစောပိုင်းတွင် ထုတ်ပြန်ထားပါသည်။

Source: Korea Herald

(https://www.koreaherald.com/article/10485287#:~:text=South%20Korea's%20exports%20plunged%20nearly,on%20the%20trade%2Ddependent%20economy.)

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News