International News

ဈေးကွက်သစ်ရှာဖွေရန်လိုအပ်ဟု ဟောင်ကောင်ဒေသဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း စီးပွားရေးတိုးတက်မှုရှိခဲ့သော်လည်း ဟောင်ကောင်ဒေသအနေဖြင့် ဈေးကွက်သစ်များရှာဖွေရန်လိုအပ်သေးသည်ဟု ဟောင်ကောင်ဒေသဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Paul Chan က ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်တွင် “HK needs new markets despite a good Q1: FS” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

မေလ ၁၁ ရက် ရေဒီယိုအစီအစဉ်တစ်ခုတွင် ပြောကြားရာ၌ ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဟောင်ကောင်ဒေသ၏ ဂျီဒီပီ ၃.၁ ရာခိုင်နှုန်းနှင့် ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကထက် ၈.၇ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံရန် ကြိုးပမ်းမှုများကြောင့် ပို့ကုန်လုပ်ငန်းရှင်များမှ တိုးမြှင့်တင်ပို့ခြင်းကြောင့် ပို့ကုန်တင်ပို့မှုမြင့်တက်ခြင်းဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ အဆိုပါတိုးတက်မှုမှာ နှေးကွေးသွားနိုင်သောကြောင့်  ကုန်သွယ်ရေးပဋိပက္ခများဖြစ်ပွားနေချိန်တွင် ဟောင်ကောင်ဒေသအနေဖြင့် ဈေးကွက်သစ်များရှာဖွေဖော်ထုတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါ သည်။

အခွန်တိုးမြှင့်ကောက်ခံမှုများအတွက် နည်းလမ်းမျိုးစုံဖြင့် တန်ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပဈေးကွက်များသည် ဟောင်ကောင်ဒေသအတွက် အရေးပါသည့်ဈေးကွက်များဖြစ်သောကြောင့် အဆိုပါဈေးကွက်များအတွက် မိမိတို့ဒေသ၏ရပ်တည်မှုကို ထိန်းသိမ်းထားရမည်ဖြစ်သကဲ့သို့ ဈေးကွက်အသစ်များ အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသတို့တွင် ဈေးကွက်သစ်များရှာဖွေဖော်ထုတ်သွားရမည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန် သည် ဟောင်ကောင် ဒေသ၏ အဓိကပို့ကုန်ဈေးကွက်တစ်ခုဖြစ်သောကြောင့် ထိုသို့ဈေးကွက်သစ်ဖော်ထုတ်သွားရန် အချိန်ယူရမည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

မရေရာသည့်စီးပွားရေးအခြေအနေတို့ကြောင့် ၂၀၂၅ ခုနှစ်အတွက် ဟောင်ကောင်ဒေသ၏ ဂျီဒီပီတိုးတက်မှုကို ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ဒေသအစိုးရက ခန့်မှန်းထားပါသည်။

အမေရိကန်၏အခွန်တိုးမြှင့်ကောက်ခံမှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှ စိုးရိမ်ပူပန်နေခဲ့ပြီး၊ တစ်ဖက်သတ်ဝါဒသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်းနှင့် တရုတ်ပြည်မမှလုပ်ငန်းများ ဟောင်ကောင်စတော့ဈေးကွက်၌ စာရင်းသွင်းရန်စီစဉ်ထားခြင်းကြောင့် ယခုနှစ်အတွင်း ဟောင်ကောင်ဒေသ၏ ဘဏ္ဍာရေးဈေးကွက်တိုးတက်လာရန် မျှော်လင့် ထားသည်ဟု  ဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း မီလန်မြို့၌ ပြုလုပ်ခဲ့သည့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဘုတ်အဖွဲ့ နှစ်ပတ်လည်အစည်း အဝေး၌ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News