International News

အမေရိကန်သမ္မတထရမ့်၏ စည်းကြပ်ခွန်များသက်သာစေရန်အတွက် ဗီယက်နမ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ကုန်သွယ်ရေးဆွေးနွေးပွဲများစတင်ဆောင်ရွက်

Last Updated:

ဟနွိုင်းအနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့သည့် အပြန် အလှန်သွင်းကုန်ခွန် ၄၆ ရာခိုင်နှုန်းကို ရှောင်လွှဲနိုင်ရန်အတွက် ဗီယက်နမ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို စတင်ဆွေးနွေးလျက်ရှိကြောင်း ဗီယက်နမ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။       

ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး H.E Nguyen Hong Dien နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Jamieson L Greer တို့သည် နှစ်နိုင်ငံစီးပွား ရေးနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် တရားဝင်ဖုန်းခေါ်ဆိုခဲ့ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် အမေရိကန်နှင့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟန်ချက်ညီသော တည်ငြိမ်ပြီး ရေရှည်တည်တံ့နည်းလမ်းဖြင့် စီးပွားရေးနှင့်ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်လိုကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အမေရိကန်၏စိုးရိမ်မှုပြဿနာများအတွက် ဗီယက်နမ်ဝန်ကြီးဌာနများနှင့် အေဂျင် စီများမှ ညှိနှိုင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်းနှင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးရရှိရန် သင့်လျော်သောအဖြေများကို မကြာမီရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှုကို အများဆုံးမှီခိုသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ပို့ကုန်သည် ပြည်တွင်းအသားတင်ထုတ်ကုန်(GDP)၏ ၈၇ ရာခိုင် နှုန်းကျော်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

 ဗီယက်နမ်ပို့ကုန်များအပေါ် ထရမ့်၏အကောက်ခွန် ၄၆ ရာခိုင်နှုန်းသည် ကုန်သွယ်ဖက်နိုင်ငံများ၏ အပြန်အလှန်အကောက်ခွန်နှုန်းထားများအနက် အမြင့်ဆုံးဖြစ်ပြီး ထရမ့်က အဆိုပါစည်းကြပ်ခွန်များအား ရက် ၉၀ ခေတ္တရပ်နားကြောင်း ဧပြီလ ၉ ရက်နေ့က ကြေညာခဲ့သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အခြားတင်ပို့နိုင်ငံများကဲ့သို့ အခြေခံအကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းပေးဆောင်လျက်ရှိကြောင်း ရေးသား ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့်ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၁၂၃.၅ ဘီလီယံရှိခဲ့ပြီး တရုတ်၊ ဥရောပသမဂ္ဂနှင့်မက္ကဆီကိုပြီးလျှင် စတုတ္ထ မြောက်ကုန်သွယ်မှုအသာစီးရသည့် နိုင်ငံဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

Source: https://www.aljazeera.com/economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News