International News

အိန္ဒိယနှင့် ရုရှားတို့သည် စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ၂၀၃၀ ခုနှစ်တွင် ဒေါ်လာ ၁၀၀ ဘီလီယံကုန်သွယ်မှုရည်မှန်းချက်ပန်းတိုင်ကို ချမှတ်

Last Updated:

အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးနှင့်ပေးချေမှု၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ ကျော်အထိ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြကြောင်း၊ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ်နာရင်ဒြာမိုဒီတို့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပသည့် ၂၂ ကြိမ်မြောက် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးတွင် ယင်းသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး(Special and privileged strategic partnership)တစ်ရပ်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။        

အခမ်းအနားတွင် နှစ်နိုင်ငံအကြား အဓိကကဏ္ဍကြီး ၉ ခုတွင် ပူးပေါင်းဆောင်ရွက်ရန်သဘောတူခဲ့ကြကြောင်း၊ ၎င်းတို့မှာ ကုန်သွယ်မှုမြှင့်တင်ရေး၊ကုန်သွယ်မှုတွင်  နှစ်နိုင်ငံငွေကြေးဖြင့်ပေးချေရေး၊ မြောက်-တောင်သယ်ယူပို့ဆောင် ရေးစင်္ကြန် စသည့်လမ်းကြောင်းသစ်များဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ လယ်ယာထွက်ကုန်၊ စားသောက်ကုန်နှင့် မြေသြဇာကုန်သွယ်မှုမြှင့်တင်ရေး၊ နျူစွမ်းအင်အပါအဝင် စွမ်းအင်ကဏ္ဍတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်အကျိုးပြုမှုများအားကောင်းစေရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ပူးတွဲစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ယူရေးရှားစီးပွားရေးသမဂ္ဂနှင့် အိန္ဒိယနိုင်ငံအကြား လွတ်လပ်သောစီးပွားရေးဒေသ(EAEU-India Free Trade Area)ထူထောင်နိုင်ခြေအပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍတွင် ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ဆက်စပ်သော အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများအား ဖယ်ရှားရေးတို့ကို သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။ 

သဘောတူညီချက်၏ အဓိကအချက်များ

      အောက်ပါအချက်များကို အဓိကသဘောတူညီခဲ့ကြောင်းသိရှိရသည်-

  • ကုန်သွယ်မှုဆိုင်ရာအတားအဆီးများပပျောက်ရေး - အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို လျှော့ချရန်နှင့် ယူရေးရှားဏီးပွားရေးသမဂ္ဂနှင့် အိန္ဒိယအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု(EAEU-India Free Trade Area) ထူထောင်နိုင်ရေးကို အလေးထားဆောင်ရွက်ရန်၊
  • ငွေပေးချေမှုစနစ်-ကုန်သွယ်မှုဆောင်ရွက်ရာတွင် ရိုးရှင်းလွယ်ကူမှုရှိစေရန်အတွက် နှစ်နိုင်ငံသုံး ငွေကြေးများဖြင့် ပေးချေနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
  • ကုန်သွယ်မှုလမ်းကြောင်းသစ်များ-မြောက်-တောင်စင်္ကြံနှင့် Chennai-Vladivostok ပင်လယ်ရေကြောင်းလမ်းကဲ့သို့သော လမ်းကြောင်းသစ်များဖြင့် ကုန်စည်စီးဆင်းမှုကို မြှင့်တင်ရန်၊
  • စိုက်ပျိုးရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု-စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် နျူကလီးယားစွမ်းအင်နှင့် ရေနံသန့်စင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊
  • အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး-သယ်ယူပို့ဆောင်ရေး၊ သင်္ဘောတည်ဆောက်ရေးနှင့် အာကာသကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများခိုင်မာစေရန်၊
  • ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆေးဘက်ဆိုင်ရာတိုးတက်မှုများ-ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပူးတွဲစီမံကိန်းများမြှင့်တင်ဆောင်ရွက်ရန်နှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း-ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်။

ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး

ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် အကောက်ခွန်နှင့်မသက်ဆိုင်သောကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုဖယ်ရှားရန်နှင့် EAEU-India Free Trade Area ထူထောင်နိုင်ခြေအပါအဝင် ကုန်သွယ်မှုဖြေလျှော့မှုဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားရန် ၎င်းတို့၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အထူးရင်းနှီးမြုပ်နှံမှုစနစ်များအားကောင်းလာစေရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုအားဟန်ချက်ညီစေရန်အတွက် အိန္ဒိယမှကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေးအပါအဝင် ၂၀၃၀ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရရှိရန် ကတိပြုထားကြောင်းလည်း သိရှိရသည်။

နှစ်နိုင်ငံငွေကြေးကိုအသုံးပြုရေး

သဘောတူညီချက်၏ အဓိကကဏ္ဍတစ်ခုမှာ နှစ်နိုင်ငံငွေကြေးကို အသုံးပြု၍ ကုန်သွယ်မှုတွင် ငွေပေးချေမှုဆောင်ရွက်နိုင်ရေးဖြစ်ကြောင်း၊ ယင်းအစီအစဉ်ဖြင့် အိန္ဒိယသည် ရုရှားနိုင်ငံမှ တင်သွင်းသည့် ရေနံစိမ်းကဲ့သို့သောသွင်းကုန်များအတွက် အိန္ဒိယရူပီးငွေဖြင့် ပေးချေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ရုရှားသည် အိန္ဒိယပို့ကုန်များအတွက်ပေးချေရန် ယင်းရူပီးငွေကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊  အလားတူ ရုရှားရူဘယ်ငွေကိုလည်း ကုန်သွယ်မှုတွင် အပြန်အလှန်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းနှင့် ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးစနစ်များအသုံးပြုနိုင်ရေးသည် ယခုပူးတွဲကြေညာချက်၏ အဓိကအစိတ်အပိုင်းဖြစ်ကြောင်း သိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းများနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ခြင်း

မြောက်-တောင်အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးစင်္ကြံ၊ မြောက်ပင်လယ်လမ်းကြောင်း(Norther Sea Route)နှင့် Chennai-Vladivostok ပင်လယ်ရေကြောင်းလိုင်းကဲ့သို့သောလမ်းကြောင်းသစ်များ ဖွင့်လှစ်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုမြှင့်တင်ရန် နှစ်နိုင်ငံခေါင်းဆောင်များကသဘောတူညီခဲ့ကြကြောင်း၊ ထို့အတူ ဒစ်ဂျစ်တယ်စနစ်များမှတစ်ဆင့် ကုန်စည်ကုန်သွယ်မှုများလွယ်ကူချောမွေ့စေရန်အတွက် အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြခဲ့သည်။

စိုက်ပျိုးရေးနှင့် စွမ်းအင်ကုန်သွယ်မှုကို မြှင့်တင်ရန်

သဘောတူညီချက်တွင် နှစ်နိုင်ငံကုန်သွယ်မှု၌ လယ်ယာထွက်ကုန်၊ အစားအစာနှင့် ဓာတ်မြေသြဇာတင်ပို့မှုမြှင့်တင်ရန်အစီအစဉ်များပါဝင်ကြောင်း၊ ထို့အတူ အပင်ပိုးမွှားတိရစ္ဆာန်ကင်းရှင်းရေးဆိုင်ရာကန့်သတ်ချက်များနှင့် တားမြစ်ချက်များကိုဖယ်ရှားရေးကို နှစ်ဖက်စလုံးက အလေးထားဆွေးနွေးသွားရန် ရည်မှန်းထားကြောင်း၊ စွမ်းအင်ကဏ္ဍ တွင် နျူကလီးယားစွမ်းအင်၊ ရေနံချက်လုပ်ခြင်းနှင့် ရေနံဓာတုဗေဒဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် စွမ်းအင်အခြေခံအဆောက်အအုံများ၊ နည်းပညာများနှင့် စက်ကိရိယာများတွင် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အခြေခံအဆောက်အအုံနှင့် စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း

အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးအင်ဂျင်နီယာ၊ မော်တော်ကားထုတ်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ အာကာသနှင့် အခြားစက်မှုကဏ္ဍများတွင် ပူးပေါင်း‌ဆောင်ရွက်မှုမြှင့်တင်ဆောင်ရွက်ခြင်းကို နှစ်နိုင်ငံကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုမ္ပဏီလုပ်ငန်းခွဲများနှင့် စက်မှုအစုအဖွဲ့များစျေးကွက်ထဲသို့ အပြန်အလှန်ဝင်ရောက်မှုကိုလည်း လွယ်ကူချောမွေ့စေရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း

နှစ်နိုင်ငံခေါင်းဆောင်များသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် နည်းပညာမြင့်ကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် ပညာရေးဆိုင်ရာဖလှယ်မှုများနှင့် အလုပ်သင်များအပါအဝင် သိပ္ပံနှင့်သုတေသနကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်၊ ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်နှင့် ပူးတွဲစီမံကိန်းများဆောင်ရွက်ရန်ကတိပြုခဲ့ကြောင်း၊ ထို့ပြင် ဆေးဝါးများနှင့် အဆင့်မြင့်ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထောက်ပံ့ရေးတွင် စနစ်တကျပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ရုရှားနိုင်ငံတွင် အိန္ဒိယဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ဌာနခွဲများဖွင့်လှစ်ဆောင်ရွက်နိုင်ရန်တို့ကို သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။  

လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း

ထိပ်သီးအစည်းအဝေးသည် ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ အားကစား၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားနယ်ပယ်များတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန် အလေးပေးပြောကြားခဲ့ကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရုရှား-အိန္ဒိယအစိုးရတို့အကြား ကော်မရှင်အား အဆိုပါဦးစားပေးကဏ္ဍများကိုလေ့လာပြီး နောက်တစ်ကြိမ်အစည်းအဝေးတွင် တိုးတက်မှုအခြေအနေကိုတင်ပြရန် နှစ်ဖက်စလုံးက ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိပါသည်။

၂၂ ကြိမ်မြောက် အိန္ဒိယနှင့်ရုရှားနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲကို ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ ရုရှားနိုင်ငံမော်စကိုမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီတို့က လက်ရှိနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ၎င်းတို့၏မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံစလုံး၏ ရေရှည်အကျိုးရှိသောအချက်များအပေါ်အခြေခံ၍ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source: India and Russia set $100 billion trade goa. By 2030, cooperation in energy, agriculture, The Economic Times, 9th July, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News