International News

ယူအေအီးနိုင်ငံရှိစားသုံးသူများသည် ဒေသတွင်းထုတ်ကုန်များကို ဦးစားပေးပြီး ၉၂ % မှာ ယူအေအီးနိုင်ငံထုတ်ကုန်စည်များကို ရှာဖွေဝယ်ယူကြကြောင်း စစ်တမ်းတစ်ခုတွင်ဖော်ပြပါရှိ

Last Updated:

နိုင်ငံတကာထိပ်တန်းစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု အကြံပေးအဖွဲအစည်းတစ်ခုဖြစ်သည့် Oliver Wyman မှ မကြာသေးမီကပြုလုပ်ထားသောစစ်တမ်းတစ်ခု၌ ယူအေအီးနိုင်ငံ၏ကုန်စည်ကဏ္ဍမျိုးစုံတွင် သိသာထင်ရှားသော စားသုံးသူကြိုက်နှစ်သက်မှုများနှင့် ခေတ်ရေစီးကြောင်းများကို ဖော်ပြထားပါသည်။

အဆိုပါလေ့လာမှုစစ်တမ်းတွင် ဖြေဆိုသူ ၉၂ % တို့သည် ပြည်တွင်းထုတ်စိုက်ပျိုးရေးသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တက်ကြွစွာရှာဖွေဝယ်ယူကြကြောင်းဖော်ပြထားပြီး ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများကိုပံ့ပိုးပေးရန် ခိုင်မာသောကတိကဝတ်ကို ထင်ဟပ်လျက်ရှိကြောင်း ပါရှိပါသည်။

၎င်းလေ့လာမှုစစ်တမ်းသည် ယူအေအီးစားသုံးသူများအကြား လျှော့စျေးများအတွက် တိုးပွားလာသောရင်းနှီးမှုကို အလေးပေးဖော်ပြထားပြီး ၅၈ % သည် ကုန်ကျစရိတ်သက်သာသော Promotion လျှော့ဈေးအရောင်းများကို ပေးဆောင်သောလက်လီရောင်းချသူများအား ဦးစားပေးမှုကို ဖော်ပြထားပါသည်။ Oliver Wyman ၏စားသုံးသူခံယူချက်မြေပုံ(CPM)အရ ဤလမ်းကြောင်းသည် စားသုံးသူတန်ဖိုးနှင့် စိတ်ကြိုက်ဈေးဝယ်ခြင်းအတွေ့အကြုံများကို ပိုမိုဦးစားပေးသည့် ရင့်ကျက်သောစျေးကွက်ကို ညွှန်ပြထားပါသည်။

ဒူဘိုင်းတွင်နေထိုင်သည့် Maryam Oribela သည် စုဆောင်းငွေအများဆုံးရရှိရန်အတွက် လက်လီရောင်းချသူအများအပြားတို့အကြား နည်းဗျူဟာမြောက်ဈေးဝယ်ယူခြင်းဖြင့် ဤလမ်းကြောင်းကို ရွေးချယ်ထားရှိကြောင်း နမူနာဖော်ပြထားပါသည်။ ၎င်းက နည်းဗျူဟာမြောက်ဈေးဝယ်ယူခြင်းသည် ရောနှောမှုများထဲမှရွေးချယ်ခြင်း(Mix and match)ဂိမ်းကစားရသည်နှင့် တူညီကြောင်း၊ လျှော့စျေးပေးထားသော လက်လီရောင်းချသူများထံမှ အမျိုးမျိုးသောကုန်စည်ပစ္စည်းများကို ရွေးချယ်ဝယ်ယူခြင်းသည် စားသုံးသူ၏ငွေကြေးအတွက် ပိုမိုတန်ဖိုးရှိကြောင်းပြောကြားခဲ့ပါသည်။

ဝယ်ယူစားသုံးသူမှစိတ်ကြိုက်ပြင်ဆင်ရွေးချယ်ဝယ်ယူနိုင်ခြင်းသည် စားသုံးသူအမူအကျင့်အတွက် အရေးကြီးသော အချက်တစ်ချက်အဖြစ် ပေါ်ထွက်လာပြီး ဖြေကြားသူ ၇၀ % ကျော်သည် အံဝင်ခွင်ကျကမ်းလှမ်းချက်များကို စိတ်ဝင်စားကြကြောင်း ဖော်ပြထားပါသည်။

Oliver Wyman ၏ မိတ်ဖက်လုပ်ငန်းဆောင်ရွက်သူ Alexander Poehl က အောင်မြင်သော လက်လီရောင်းချသူများသည် ဆန်းသစ်တီထွင်မှုနှင့် ကိုယ်ပိုင်သီးသန့်ဝန်ဆောင်မှုတို့များမှတစ်ဆင့် ၎င်းတို့အား ကွဲပြားခြားနားစေမည်ဖြစ်ပြီး ယူအေအီးနိုင်ငံရှိ စားသုံးသူများ၏ မတူကွဲပြားသော ယဉ်ကျေးမှုနောက်ခံများနှင့် စိတ်ကြိုက်ရွေးချယ်နိုင်မှုများအပေါ် ဖြည့်ဆည်းပေးသွားလိမ့်မည်ဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြထားပါသည်။

အဆိုပါစစ်တမ်းအရ အစားအသောက်နှင့်အဖျော်ယမကာနှင့်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများကဲ့သို့သောရိုးရာလက်လီရောင်းချခြင်းထက် တိုးချဲ့ဝန်ဆောင်မှုများကိုပေးဆောင်သည့် စားသုံးသူသစ္စာစောင့်သိမှုအစီအစဉ်များနှင့် ထိတွေ့ဆက်ဆံလိုသည့်စားသုံးသူများတို့အကြား ခိုင်မာသောလိုလားချက်များကို ညွှန်ပြလျက်ရှိပါသည်။ ဤသို့သောစားသုံးသူများ၏ ပွင့်လင်းမြင်သာမှုသည် ပေါင်းစပ်ဝန်ဆောင်မှုပေးသည့် အချက်အလက်များမှတစ်ဆင့် စားသုံးသူ၏သစ္စာစောင့်သိမှုကို မြှင့်တင်သွားနိုင်ရန်အတွက် လက်လီရောင်းချသူများအား အခွင့်အလမ်းများကို တင်ဆက်ပေးလျက်ရှိပါသည်။

ထို့အပြင် ဒေသတွင်းထွက်ကုန်များအပေါ်အလေးထားမှုသည် စားနပ်ရိက္ခာဖူလုံရေးအစပျိုးမှုများကို ပံ့ပိုးပေးရုံသာမက ယူအေအီးနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကိုလည်း မြှင့်တင်ပေးလျက်ရှိပါသည်။ လက်ရှိတွင် ပြည်တွင်းဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုသည် ဒေသတွင်းလိုအပ်ချက်၏ ၂၀ % ကျော်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ယူအေအီးအစိုးရမှ ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ကြောင်းသတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News