International News

ဂျပန်နိုင်ငံမှ တင်သွင်းခဲ့သည့် ကုန်စည်များ၏ ၄၀ ရာခိုင်နှုန်းနီးပါးမှာ တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံတစ်နိုင်ငံတည်းမှ တင်သွင်းခဲ့

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် G-7 အဖွဲ့ဝင်နိုင်ငံများထက် လူသုံးကုန်နှင့်စက်မှုထုတ်ကုန်အမြောက်အများကို တရုတ်နိုင်ငံကဲ့သို့သောနိုင်ငံတစ်နိုင်ငံတည်းမှ တင်သွင်းရမှုအပေါ် အလွန်အမင်းမှီခိုအားထားနေရကြောင်း၊ ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရှိရပါသည်။

အဆိုပါသတင်း၌ ၉-၇-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ်၌ ဂျပန်၊ အမေရိကန်၊ ဂျာမနီနှင့် G-7 အဖွဲ့မှ တင်သွင်းခဲ့သည့်ကုန်စည် ၄၃၀၀ နီးပါးကို လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ကြောင်း၊ ဆန်းစစ်မှုပြုလုပ်ရာတွင် Herfindahl-Hirschman Index (HHI)ညွှန်းကိန်းဖြင့် တိုင်းတာခဲ့ကြောင်း၊ HHI ညွှန်းကိန်းဆိုသည်မှာ ဈေးကွက်စုစည်းမှုအခြေအနေကို တိုင်းတာသည့်ညွှန်းကိန်းဖြစ်ပြီး၊ ညွှန်းကိန်း ၅၀ နှင့်အထက်ဆိုသည်မှာ တင်သွင်းသည့်ကုန်စည်ထက်ဝက်ကျော်မှာ နိုင်ငံတစ်နိုင်ငံတည်းကို မှီခိုအားထားနေရသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ တင်သွင်းသော ကွန်ပျူတာမှသည် ဓာတုပစ္စည်းများအထိ ကုန်စည်များ၏ ၄၀ ရာခိုင်နှုန်းနီးပါး၏  HHI ညွှန်းကိန်းမှာ ၅၀ အထက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ G-7 အဖွဲ့မှ တင်သွင်းသည့်ကုန်စည်များ၏ ၅ ရာခိုင်နှုန်း နီးပါးတွင်သာ HHI ညွှန်းကိန်း  ၅၀ အထက်ရှိကြောင်း၊ အလားတူ ဂျာမနီနိုင်ငံမှတင်သွင်းသည့် ကုန်စည်များ၏ ၁၀ ရာခိုင်နှုန်းနီးပါးနှင့် အမေရိကန်မှတင်သွင်းသည့် ကုန်စည်များ၏ ၂၀ ရာခိုင်နှုန်းနီးပါးတွင်သာ HHI ညွှန်းကိန်း  ၅၀ အထက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့သည့် ကုန်စည် ၄,၃၀၀ ၏ ၃၀ ရာခိုင်နှုန်းနီးပါဖြစ်သော ကုန်စည် ၁,၄၀၆ ခု၏တင်သွင်းမှု စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှလည်းကောင်း၊ ကုန်စည် ၂၅၂ ခုကို အမေရိကန်နိုင်ငံမှလည်းကောင်း၊ ကုန်စည် ၁၅၁ ခုကို တောင်ကိုရီးယားနိုင်ငံမှလည်းကောင်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံမှ တင်သွင်းခဲ့သည့်ကုန်စည်များ၏ ၅၆၇ ခု၏ HHI ညွှန်းကိန်းမှာ  ၅၀ အထက်ရှိပြီး၊ ကုန်စည်များကို အဓိကအားဖြင့် တရုတ်နိုင်ငံမှတင်သွင်းခဲ့ကြောင်း၊ ဂျာမနီနိုင်ငံမှတင်သွင်းခဲ့သည့် ကုန်စည်များ၏ ၂၂၁ ခု၏ HHI ညွှန်းကိန်းမှာ  ၅၀ အထက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှ အဓိကတင်သွင်းနေရသည့် ကုန်စည်များမှာ Laptop Computers ၊ လေအေးပေးစက်၊ Organic Chemicals နှင့်မြေရှားသတ္တုများဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ တင်သွင်း၍ သုံးစွဲနေရသည့် အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သော Laptops နှင့် အဝတ်လျှော်စက်တို့၏ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ တင်သွင်းနေရခြင်းဖြစ်ကြောင်း၊ ထို့အတူ ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် Phosphorus ကိုလည်း တရုတ်နိုင်ငံမှ အဓိကဝယ်ယူတင်သွင်းနေရကြောင်း ဖော်ပြထားပါသည်။

ကုန်စည်များဖြန့်ကျက်ဝယ်ယူနိုင်မှုအခြေအနေဖြင့် တိုင်းတာမည်ဆိုပါကလည်း ဂျပန်နိုင်ငံအနေဖြင့် G-7 အဖွဲ့ဝင်နိုင်ငံများ၏နောက်တွင်သာရှိကြောင်း၊ မည်သည့် G-7 အဖွဲ့ဝင်နိုင်ငံကမျှ ကုန်စည်များကို တစ်နိုင်ငံတည်းမှ အများအပြားတင်သွင်းခြင်းမျိုးမရှိကြောင်း၊ G-7 အဖွဲ့ဝင်နိုင်ငံများ၏ ၄ ပုံ ၃ ပုံမှာ အနည်းဆုံး ၄ နိုင်ငံမှ ကုန်စည်များကို ဖြန့်ကျက်တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News