International News

ဒီဇယ်ကားနှင့် အငှားယာဉ်(Taxi)များအသစ်မှတ်ပုံတင်ခြင်း ရပ်ဆိုင်းမည့် စင်ကာပူနိုင်ငံ

Last Updated:

စင်ကာပူနိုင်ငံတွင် ဒီဇယ်ကားနှင့် အငှားယာဉ်(Taxi)များအသစ်မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း စင်ကာပူကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(Land Transport Authority) က ထုတ်ပြန်ခဲ့ပါသည်။ ၂၀၄၀ ပြည့်နှစ်တွင် ယာဉ်အားလုံးသန့်ရှင်းသော စွမ်းအင်အသုံးပြုရန် စင်ကာပူနိုင်ငံ၏ မျှော်မှန်းချက်အရလည်းကောင်း၊ Singapore Green Plan 2030 ၏ဦးတည်ချက်များထဲမှ တစ်ခုဖြစ်သည့် Clean-energy Vehicles 2025 target အရလည်းကောင်း ယင်းကဲ့သို့သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။                   

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ ဒီဇယ်ကားနှင့် အငှားယာဉ်(taxi)အသစ်မှတ်ပုံတင်ခြင်းမှာ ၁ ရာခိုင်နှုန်းထက်နည်းသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အဆိုပါယာဉ်အမျိုးအစားများအသစ်မှတ်ပုံတင်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီမှတ်ပုံတင်ထားသည့် ဒီဇယ်ကားများမှာ ၎င်းတို့သက်ဆိုင်ရာ မှတ်ပုံတင်အမျိုးအစားအလိုက် သက်တမ်းတိုးနိုင်မည်ဖြစ်သော်လည်း သက်တမ်းတိုးခြင်းကို အားမပေးသည့်အနေဖြင့် လမ်းအသုံးပြုခများ ပိုမိုပေးဆောင်ရခြင်းများရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် Classic Vehicle Scheme and Vintage Vehicle Scheme အရ ယာဉ်မှတ်ပုံ တင်ခြင်းနှင့် တင်သွင်းခြင်းများ အကျုံးဝင်သက်ဆိုင်မှုမရှိကြောင်း ဖော်ပြထားပါသည်။

စင်ကာပူနိုင်ငံတွင် ဒီဇယ်ကားနှင့် အငှားယာဉ်(Taxi)များအသစ်မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းမည့်အစီအစဉ်မှာ သန့်ရှင်းသောစွမ်းအင်အသုံးပြုရေး၊ လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေးစသည်တို့အတွက် စင်ကာပူနိုင်ငံ၏ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        Land Transport Authority

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News