International News

ဂျပန်နိုင်ငံ၏လစာနှုန်းထားများမှာ ၂၆ လဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလတွင် ၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏လစာနှုန်းထားများ(Real Wages)မှာ ၂၆ လ ဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလတွင် ၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၄ ခုနှစ်၊ မေလတွင် လစာနှုန်းကျဆင်းမှုမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ကျဆင်းခဲ့သည့် ၁.၂ ရာခိုင်နှုန်းထက်များပြားခဲ့ကြောင်း၊ ထို့အတူ ကုန်စည်ဈေးနှုန်းမြင့်မားခဲ့ခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုတို့သည် သွင်းကုန်ဈေးနှုန်းကိုလည်းမြင့်တက်စေခဲ့ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၏အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ယခုနှစ်နွေဦးရာသီတွင် ကျင်းပခဲ့သည့် လစာဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လစာနှုန်းထားများကို ၅ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၅.၁ ရာခိုင်နှုန်းတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများက သဘောတူညီထားပြီးဖြစ်ကြောင်း ဂျပန်ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ်က ၃-၇-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်မထားသည့် Nominal Wages(သို့မဟုတ်)အခြေခံလစာနှင့်အချိန်ပိုကြေးအပါအဝင် လုပ်သားတစ်ဦး၏လစဉ်ပျမ်းမျှဝင်ငွေမှာ ၁.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကိုတွေ့ရှိရပြီး ၂၉၇,၁၅၁ ယန်း(အမေရိကန် ဒေါ်လာ ၁,၈၅၀)ရှိခဲ့ကြောင်း၊ Nominal Wages မြင့်တက်မှုမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှစ၍ ၂၉ လဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုန်စည်ဈေးနှုန်းများနှင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် Real Wages တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်သည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ရာခိုင်နှုန်းအထက်သို့ ဆက်လက်ရောက်ရှိလျက်ရှိကြောင်း၊ Real Wages မြင့်တက်လာခြင်းမရှိပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းနိုင်ရေးအတွက် ဂျပန်အစိုးရက မည်သို့ပင်မူဝါဒများချမှတ်ဆောင်ရွက်စေကာမူ စားသုံးသူများ၏သုံးစွဲနိုင်စွမ်းမှာ ဆက်လက်ကျဆင်းနိုင် မည်ဖြစ်ကြောင်း၊ ဆုကြေးငွေများနှင့် အခြားသောပံ့ပိုးငွေများထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ ပျမ်းမျှလစာနှုန်းမှာ ၂.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၆၃,၅၃၉ ယန်းရှိခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့မှုမှာ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အများဆုံးဖြစ်ခဲ့ကြောင်း၊ အချိန်ပိုကြေးနှင့် အခြားသောထောက်ပံ့ငွေများမှာ ၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၉,၄၄၁ ယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်မထားသည့် လစဉ်ပျမ်းမျှလစာ(Nominal Wages)မှာ ၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃၇၈,၈၀၃ ယန်းရှိခဲ့ကြောင်း၊ အချိန်ပိုင်းလုပ်သားများ၏ လစဉ်ပျမ်းမျှလစာမှာ ၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၀၈,၅၁၁ ယန်းရှိခဲ့ကြောင်း၊ စုစုပေါင်းအလုပ်ချိန်မှာ ၁.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၃၇.၁ နာရီရှိခဲ့ကြောင်း၊ လုပ်ငန်းကဏ္ဍအလိုက်လစာနှုန်းထားကို ကြည့်မည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် အများဆုံးမြင့်တက်ခဲ့ပြီး ၇.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စာပို့ဝန်ဆောင်မှုလုပ်ငန်းကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများ၏ လစာနှုန်းထားများမှာ ၆.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News