International News

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ဒုတိယ ဆန်တင်သွင်းသူဖြစ်လာမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးဆန်တင်သွင်းသူဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ ပြည် တွင်းထုတ်လုပ်မှုကျဆင်းနေချိန်တွင် ပို့ကုန်လိုအပ်ချက်ကို ဖြည့်ဆည်းရန်တင်သွင်းမှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိသောကြောင့်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာန(USDA)မှထုတ်ပြန်သော ကမ္ဘာ့စိုက်ပျိုးရေး၊ ထောက်ပံ့ရေးနှင့် ဝယ်လိုအား ခန့်မှန်းချက်အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရှိရပါသည်။

USDA ၏ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၄ သန်း နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တန်ချိန် ၄.၁ သန်းတင်သွင်းနိုင်ဖွယ်ရှိပြီး ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ်ဝယ်လိုအား တန်ချိန် ၅.၅ သန်းခန့်ဖြင့် ကမ္ဘာ့ဆန်အများဆုံးတင်သွင်းသူအဖြစ် ဆက်ရှိနေမည်ဟု USDA က ခန့်မှန်း ထားကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံကိုကျော်တက်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံးဆန်တင်ပို့သူဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ခုနှစ် နှစ်ခုစလုံးအတွက် ဆန်တန်ချိန် ၇.၉ သန်းတင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံသည် ပို့ကုန်ချိန် ၇ သန်းနှင့် တန်ချိန် ၇.၂ သန်းအသီးသီးတင်ပို့နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် နှစ်စဉ်ဆန်တန်ချိန် ၂၄ သန်းခန့်ဖြင့် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူအဖြစ် ဆက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ ဧပြီလတွင် ထုတ်ပြန်သည့် ဗီယက်နမ်နိုင်ငံ ဆန်စပါးထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံ စာအရ စပါးစိုက်တောင်သူများသည် အခြားအမြတ်အစွန်းများသော သီးနှံသို့ ပြောင်းရွှေ့စိုက်ပျိုးလာသောကြောင့် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုကျဆင်းနိုင်ဖွယ်ရှိကြောင်း USDA အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပို့ကုန်ဝယ်လိုအား ဖြည့်ဆည်းရန်အတွက် ဗီယက်နမ်ဆန်တင်ပို့သူများနှင့် ဆန်စက်များသည် ကမ္ဘောဒီးယားမှ ဆန်ဝယ်ယူခြင်းဖြင့် ပြည်တွင်းထောက်ပံ့မှုကို ဖြည့်တင်းပေးလျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးတင်သွင်းမှု၏ ၇၇ ရာခိုင်နှုန်းရှိပြီး အများစုမှာ ကမ္ဘောဒီးယားနိုင်ငံမှ တင်သွင်းလျက်ရှိပြီး အိန္ဒိယနိုင်ငံမှလည်း ဗီယက်နမ်၏ ဆန်ကြိတ်ခွဲတင်သွင်းမှုအများစုကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံမှဆန်တင်သွင်းမှုသည် ပြည်တွင်းပြတ်လပ်မှုကြောင့်မဟုတ်ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့(VFA)ဥက္ကဋ္ဌ Do Ha Nam က ပြောကြားခဲ့ပြီး ပို့ကုန်ပြန်လည်တင်ပို့ရန် လိုအပ်ချက်နှင့် ခေါက်ဆွဲ၊ ကြာဇံနှင့်ဆန်စက္ကူစသည့် ပြုပြင်ထုတ်လုပ်သည့်ထုတ်ကုန်များအတွက် ဗီယက်နမ်နိုင်ငံမှဆန်ကို အဓိကတင်သွင်းကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမနှစ်လတွင် ကမ္ဘောဒီးယားမှ ဆန်တန်ချိန် ၆၀၀,၀၀၀ နှင့်ညီမျှသော ဗီယက်နမ်နိုင်ငံမှ စပါးတန်ချိန် ၁.၁ သန်းခန့်တင်သွင်းခဲ့ကြောင်း Nam မှ ကိုးကားဖော်ပြခဲ့သည်။

ရာသီဥတုဖောက်ပြန်မှု၊ ကုန်သွယ်ရေးပြိုင်ဆိုင်မှုနှင့် ပြည်တွင်းဝယ်လို အားပြောင်းလဲမှုတို့ကြောင့် စိန်ခေါ်မှုများပေါ်ပေါက်လာသော်လည်း ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုသည် လာမည့်ငါးနှစ်အတွင်း ခိုင်မာအားကောင်းရန်မျှော်လင့်ထားကြောင်း ဟနွိုင်းကုန်သွယ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဟောင်း Vũ Vinh Phu က ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉.၀၄ သန်းသို့ စံချိန်တင်ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ရာခိုင်နှုန်းမြင့်တက်လာကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံအထိ ၂၁ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းနှင့် ယခင်နှစ်က ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၃.၇ သန်းတင်သွင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

Source: Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News