International News

ဂျပန်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် ကျား-မလစာကွာဟမှုဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်တင်ပြရန် လိုအပ်လာမည်

Last Updated:

ဂျပန်နိုင်ငံတွင် အမျိုးသားနှင့် အမျိုးသမီးများအကြား လစာရရှိမှုကွာဟချက်များကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ ကုမ္ပဏီများအနေဖြင့် ကျား-မလုပ်ခလစာကွာဟမှုဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်တင်ပြစေရေး ဆောင်ရွက်သွားရန် ဂျပန်အစိုးရအနေဖြင့် စီစဉ်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် အမျိုးသမီးများ၏စီးပွားရေးဆိုင်ရာစွမ်းဆောင်နိုင်မှုမြှင့်တင်နိုင်ရေးအတွက် ဝန်ထမ်း ၁၀၀ ဦးနှင့်အထက်ရှိသည့် ကုမ္ပဏီများအနေဖြင့် လစာဆိုင်ရာအချက်အလက်များကို ထုတ်ဖော်တင်ပြရန်လိုအပ်လာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဝန်ထမ်း ၃၀၀ ဦးနှင့်အထက်ရှိသည့်ကုမ္ပဏီ ၁၇,၈၀၀ နီးပါး၏ လစာပေးမှုဆိုင်ရာအချက်အလက်များကို ထုတ်ဖော်တင်ပြစေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

လစာပေးမှုဆိုင်ရာ အချက်အလက်များတင်ပြစေမည့် သတ်မှတ်ချက်ကို ချဲ့ထွင်ခဲ့ခြင်းကြောင့် လစာဆိုင်ရာအချက်အလက်များ ထုတ်ဖော်တင်ပြရမည့် ကုမ္ပဏီအရေအတွက်မှာ ၅၀,၇၀၀ အထိများပြားလာနိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ကုမ္ပဏီများမှ လိုက်နာရမည့်စည်းမျဉ်းအသစ်များကို ပြဌာန်းနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် လွှတ်တော်ကျင်းပသည့် ကာလအတွင်း ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှု ဖူလုံရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ အချိန်ပြည့်လုပ်ကိုင်သည့် အမျိုးသားများအနေဖြင့် ပျမ်းမျှလစာ ၃၅၀,၉၀၀ယန်းရရှိခဲ့ပြီး၊ အမျိုးသမီးများအနေဖြင့် အမျိုးသားများရရှိသည့် လစာ၏ ၇၄.၈ ရာခိုင်နှုန်းနှင့်ညီမျှသည့် ပျမ်းမျှလစာ ၂၆၂,၆၀၀ ယန်းရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း(OECD)၏ ၂၀၂၂ ခုနှစ် ထုတ်ပြန်ချက်အရ ကျား-မလစာနှုန်းထားကွာဟမှုနှုန်းမှာ ဂျပန်နိုင်ငံ၌ ၂၁.၃ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံ၌ ၁၇ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ၌ ၁၁.၆ ရာခိုင်နှုန်း၊ အီတလီနိုင်ငံ၌ ၅.၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ ကျား-မလုပ်ခလစာကွာဟရခြင်းမှာ အကြီးတန်းရာထူးများတွင် အမျိုးသမီးများနည်းပါးခြင်းနှင့် အမျိုးသားများသည် အမျိုးသမီးများထက် အလုပ်ချိန်ပိုမိုကြာမြင့်စွာလုပ်ကိုင်ကြခြင်းကြောင့်ဖြစ်နိုင်ကြောင်း၊ အစိုးရအနေဖြင့်  ကျား-မလုပ်ခလစာကွာဟရသည့်အကြောင်းအရင်းကို လေ့လာသုံးသပ်လျက်ရှိကြောင်း၊ သုံးသပ်ချက်အစီရင်ခံစာပေါ်မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် တိုကျိုအစုရှယ်ယာဈေးကွက်တွင် စာရင်းဝင်ထားသည့်ထိပ်တန်းကုမ္ပဏီများ၏ ဘုတ်အဖွဲ့ဝင်များတွင် အမျိုးသမီးများပါဝင်မှုနှုန်းကို ၂၀၂၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့်အထက်ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိပ်တန်း ကုမ္ပဏီများ၏ဘုတ်အဖွဲ့ဝင်များတွင် အမျိုးသမီးများပါဝင်မှုနှုန်းမှာ ၁၃.၄ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း အစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရ၏ ရည်မှန်းချက်များပြည့်မီစေရေးအတွက် ကုမ္ပဏီများ၏အကြီးတန်းရာထူးများတွင် အမျိုးသမီးများတိုးမြှင့်ခန့်ထားသွားမည့် လျာထားချက်များနှင့် ကုမ္ပဏီများ၏ဘုတ်အဖွဲ့ဝင်များတွင် အမျိုးသမီးများပါဝင်မှုရာခိုင်နှုန်းကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Today (၁၁-၆-၂၀၂၄)

Category: International News