International News

ဂျပန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများသို့ ရေထွက်ကုန်များတိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ရေထွက်ကုန်များကို တင်သွင်းခွင့်ပိတ်ပင်ထားခြင်းအား ပြန်လည်ရုပ်သိမ်းမည့်အခြေအနေမရှိသည့်အတွက် ဂျပန်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှဒေသရှိနိုင်ငံများနှင့် အမေရိကန်နိုင်ငံသို့ ရေထွက်ကုန်များတိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တစ်ဖက်သတ်ပိတ်ဆို့ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံအတွက် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထိုသို့သော စိန်ခေါ်မှုများထပ်မံမဖြစ်ပွားစေရေးအတွက် ရေထွက်ကုန်အပါအဝင် အခြားသောကုန်စည်များအားလည်း တရုတ်နိုင်ငံကို မှီခိုမှုလျှော့ချသွားရန် ဂျပန်နိုင်ငံအား သတိပေးနေသကဲ့သို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ ဈေးကွက်ဖြန့်ကျက်ရေးကြိုးပမ်းမှုအဖြစ် ဂျပန်နိုင်ငံ၏ရေထွက်ကုန်များအနက် ထိပ်တန်းပို့ကုန်တစ်ခုဖြစ်သည့်ဂုံးကို ထိုင်းနိုင်ငံသို့ ၂၀၂၄ ခုနှစ်တွင် ယန်း ၂.၄ တန်ဖိုးတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့သောလျာထားချက်များထွက်ပေါ်လာခဲ့ရခြင်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် ၅ လတာကာလအတွင်း ဂျပန်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ဂုံးတင်ပို့မှုမှာ ၃ ဆ၊ ထိုင်းနိုင်ငံသို့ ၂.၃ ဆ နှင့် အမေရိကန်နိုင်ငံသို့ ၁.၇ ဆမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့စွန့်ပစ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်းတွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ကနေဒါနိုင်ငံတို့မှလည်း ဂျပန်နိုင်ငံမှ ဂုံးများဝယ်ယူတင်သွင်းမှု များပြားလာခဲ့ကြောင်း၊ ထိုသို့အခြားသောကမ္ဘာ့နိုင်ငံများမှ ဝယ်ယူတင်သွင်းမှုများ များပြားလာခဲ့သော်လည်း ဂျပန်နိုင်ငံ၏ရေထွက်ကုန်များအတွက် အဓိကဈေးကွက်ဖြစ်သည့် တရုတ်ဈေးကွက်သို့ တင်ပို့နိုင်မှုပမာဏကိုနှိုင်းယှဉ်ပါက လျော့နည်းနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ဈေးကွက်အသစ်များကို ရှာဖွေသင့်ပြီး ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်သင့်ကြောင်း ကုန်သွယ်မှုဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်၌ ဂျပန်နိုင်ငံ၏စုစုပေါင်းဂုံးတင်ပို့မှု၏ ၅၁.၃ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့လည်းကောင်း၊ ၁၂.၃ ရာခိုင်နှုန်းကို ထိုင်ဝမ်သို့လည်း ကောင်း၊ ၈.၆ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံသို့လည်းကောင်း၊ ၈.၃ ရာခိုင်နှုန်းကို တောင်ကိုရီးယားနိုင်ငံသို့လည်းကောင်း တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Today (၁၃-၆-၂၀၂၄)  

Category: International News