International News

ရုရှားနိုင်ငံမှ ဆန်တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၄ နှစ်ကုန်အထိ သက်တမ်းတိုးရန် စိုက်ပျိုးရေးဝန်ကြီးဌာနက အဆိုပြုထား

Last Updated:

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ရုရှားနိုင်ငံမှ ဆန်နှင့်ဆန်စပါးများတင်ပို့မှုတားမြစ်ချက်အား သက်တမ်းတိုးရန်အဆိုပြုထားကြောင်း ၎င်းသက်ဆိုင်ရာဥပဒေမူကြမ်းကို အစိုးရ၏တရားဝင် Website ပေါ်တွင် ဖော်ပြထားပါသည်။

ရုရှားတွင် ဆန်နှင့်ဆန်စပါးတင်ပို့မှုယာယီတားမြစ်ချက်ကို Kuban ဒေသရှိ Fedorovsky ရေအားလျှပ်စစ်စက်ရုံမတော်တဆမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် စတင်ခဲ့ပြီး ပို့ကုန်ကန့်သတ်ချက်အား ၆ လတစ်ကြိမ်ပုံမှန်သက်တမ်းတိုးခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိခဲ့သည်။ယခုအခါ ယင်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဝန်ကြီးဌာနသည် တားမြစ်ချက်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ခြောက်လသက်တမ်းတိုးရန်အဆိုပြုထားခြင်းဖြစ်ပါသည်။

အဆိုပါတားမြစ်ချက်သည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုရရှိစေရန်၊နိုင်ငံအတွင်း ဆန်စပါးပြတ်လပ်မှုအန္တရာယ်ကိုရှောင်ရှားရန်နှင့် စားသုံးသူများအတွက် ကုန်ချောဈေးနှုန်းများတည်ငြိမ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

တားမြစ်ချက်ဥပဒေမူကြမ်းတွင် ရုရှားမှ ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရချင်းသဘောတူညီချက်ဖြင့် အခြားပြည်ပနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် တင်ပို့သည့်ဆန်စပါးများအပေါ် သက်ရောက်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် ဆန်စပါးစိုက်ပျိုးဧရိယာဟက်တာ ၁၉၀,ဝဝဝ ကျော်ရှိခဲ့ပြီး ရိတ်သိမ်းနိုင်မှုမှာ တန်ချိန် ၁.၂ သန်းနီးပါးရှိခဲ့ကြောင်း ရုရှားအမျိုးသားဆန်စပါးသမဂ္ဂ(National Rice Union)၏အချက်အလက်များအရ သိရှိရပါသည်။ ရုရှားနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော ဆန်စပါးများသည် ဆန်လုံးတို(short grain rice)သာဖြစ်ပြီး ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာထွက်ရှိသော်လည်း ဆန်လုံးရှည်(Long grain rice)သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း သိရှိရပါသည်။

Source :   https://ria.ru/20240606/minselkhoz-1951151074.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News