International News

ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၄ လတာကာလအတွင်း ၁၈.၈ ရာခိုင်နှုန်းအထိ တိုးတက်

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၁၈.၈ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀.၅ ဘီလီယံရှိကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကာလအတွင်းတွင် ရုရှားနိုင်ငံ၏ ပြည်ပသို့တင်ပို့မှုမှာ ၁၃၅.၁ ဘီလီယံ(ယခင်နှစ် ကာလတူထက် ၀.၃ ရာခိုင်နှုန်းလျော့ကျ)ရှိပြီး တင်သွင်းမှုမှာ ၈၄.၆ ဘီလီယံ(ယခင်နှစ်ကာလတူထက် ၉ ရာခိုင်နှုန်းလျော့ကျ)ရှိခဲ့သည်။

ရုရှားနိုင်ငံမှ ဥရောပနိုင်ငံများသို့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံရှိကာ ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၂၂.၂ ဘီလီယံအထိရှိကာ ၁၉.၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ တစ်ချိန်တည်းတွင် ရုရှားနိုင်ငံမှ အာရှနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၁၀၁.၄ ဘီလီယံအထိရှိကာ ၁၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၅၆.၆ ဘီလီယံထိရှိကာ ၃ ရာခိုင်နှုန်းလျော့ကျသွားခဲ့သည်။

ရုရှားနိုင်ငံမှ အာဖရိကနိုင်ငံများသို့တင်ပို့မှုသည် ဒေါ်လာ  ၇.၈ ဘီလီယံရှိကာ ၃၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တင်သွင်းမှုသည် ၁.၁  ဘီလီယံထိရှိကာ ၄.၅ ရာခိုင်နှုန်းလျော့ကျသွားခဲ့သည်။ မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၄.၈ ဘီလီယံရှိ ကာ ၃၉.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၄.၅ ဘီလီယံထိရှိကာ ၁၈.၉ ရာခိုင်နှုန်းလျော့ကျသွားခဲ့သည်။

အစီရင်ခံသည့်ကာလအတွင်းတွင် ရုရှား၏အဓိကပို့ကုန်မှာ လောင်စာဆီနှင့် စွမ်းအင်ကဏ္ဍထုတ်ကုန်၊သတ္တုနှင့် သတ္တုထုတ်ကုန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက်ယန္တရား၊ စက်ကိရိယာ၊ မော်တော်ယာဉ်၊ ဓာတုစက်မှုထုတ်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပါသည်။

Source :   https://tass.ru/ekonomika/21061785

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News