International News

ရုရှားသို့ ဘရာဇီးကော်ဖီတင်ပို့မှု စံချိန်တင်တိုးမြှင့်

Last Updated:

ဘရာဇီးနိုင်ငံသည် မေလတွင် ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့မှု (၅) ဆနီးပါးတိုးမြှင့်ခဲ့ပြီး စံချိန်တင်အမေရိကန်ဒေါ်လာ ၂၆ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီမှ မေလအထိ ရုရှားသို့ ဘရာဇီးကော်ဖီတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၅.၂ သန်းအထိရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံပိုများကြောင်း ဘရာဇီးအကောက်ခွန်အချက်အလက်များက ဖော်ပြထား သည်။

၂၀၂၃ ခုနှစ်တွင် ဘရာဇီးသည် ရုရှားသို့ ကော်ဖီတန်ချိန် ၄၉,၀၀၀ တင်ပို့ခဲ့ပြီး ဒုတိယအများဆုံး ကော်ဖီတင်ပို့သူဖြစ်ခဲ့သည်။ ဗီယက်နမ်သည် တန်ချိန် ၆၉,၀၀၀ ဖြင့် ရုရှားသို့ ကော်ဖီအများဆုံးတင်ပို့သူဖြစ်ကာ အင်ဒိုနီးရှားသည် တန်ချိန် ၂၈,၀၀၀ ဖြင့် တတိယနေရာကို ရရှိထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး Mr. Rodrigo de Lima Baena Soares က ရုရှားနိုင်ငံသို့ ဘရာဇီးကော်ဖီတင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းတိုးလာရန် မျှော်လင့်ထားကြောင်း RIA သတင်းဌာနသို့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဘရာဇီးနှင့် ရုရှားကြား ကော်ဖီကုန်သွယ်မှုသည် ပိုမိုကြီးမားသော စီးပွားရေးဆက်ဆံရေး တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် စံချိန်တင်အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိခဲ့သည်။ ကော်ဖီအပြင် ဘရာဇီးသည် ပဲပိစပ်ထွက်ကုန်များ၊ အမဲသားနှင့် ကြက်သားများကို ရုရှားသို့ တင်ပို့လျက်ရှိပြီး ဓာတ်မြေသြဇာနှင့် ဒီဇယ်လောင်စာဆီများကို ရုရှားမှ တင်သွင်းလျက်ရှိသည်။

ရုရှားနိုင်ငံသည် ရာသီဥတုအခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကော်ဖီအသားတင်တင်သွင်းသည့်နိုင်ငံဖြစ်သည့်အပြင် ကော်ဖီသုံးစွဲမှုပမာဏသည် နှစ်စဉ်တိုးတက်လျက်ရှိပါသည်။ အနောက်နိုင်ငံများ၏ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနိုင်ငံသည် ၎င်း၏ပို့ကုန်၊ သွင်းကုန်၊ ရင်းနှီးမြှုပ်နှံမှုများကို အာရှ-ပစိဖိတ်နိုင်ငံများဘက်သို့ ဦးတည်ပြောင်းလဲမှုများပြုလုပ်လျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီထုတ်ကုန်များ တင်ပို့နိုင်မည့်အလားအလာကောင်းများရှိနေပါသည်။

Source :   https://ria.ru/20240610/kofe-1952063497.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News