International News

ဂျပန်နိုင်ငံမှ စစ်ပွဲဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများထံသို့  မော်တော်ယာဉ်တင်ပို့မှု ရပ်ဆိုင်းလုနီးပါးကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံမှ စစ်ပွဲဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများထံသို့  မော်တော်ယာဉ် တင်ပို့မှုရပ်ဆိုင်းလုနီးပါးကျဆင်းခဲ့ကြောင်း Nikkei Asia သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan’s car exports to war-hit Middle East plummet 90% in April” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ ပါသည်။

အဆိုပါသတင်းတွင် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြာမြင့်လာသည် နှင့်အမျှ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဂျပန်နိုင်ငံနှင့်အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် ပို့ကုန် ၅၅.၈ ရာခိုင်နှုန်း၊ သွင်းကုန်တွင် ၅၆.၈ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ မော်တော်ကားများနှင့် သံမဏိပိုက်လိုင်းများအပါအဝင် စစ်မီးတောက်နေသော အရှေ့အလယ်ပိုင်းဒေသသို့ ဂျပန်နိုင်ငံ၏ အဓိကပို့ကုန်တင်ပို့မှုများသည် ဧပြီလအတွင်းသိသိသာသာကျဆင်းသွားခဲ့ကြောင်း၊ အလားတူ နက်ဖ်သာ(Naphtha-ဓာတုဗေဒကုန်ကြမ်းတစ်မျိုး) ကဲ့သို့သောထုတ်ကုန်များတင်သွင်းမှုသည်လည်း ပြင်းထန်စွာ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်းကာလဖြစ်သည့် ၂၀၂၆ ခုနှစ်၊ မတ်လ အတွင်းတွင် ဂျပန်နိုင်ငံမှ အဆိုပါဒေသသို့ တင်ပို့မှု ၄၆ ရာခိုင်နှုန်း၊သွင်းကုန်မှာ ၁၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍအတွက်အဓိကစျေးကွက်ကြီးတစ်ခုဖြစ်ပြီး အဆိုပါဒေသသို့ ကားအသစ် တင်ပို့မှုသည် ပြည်ပတင်ပို့မှုစုစုပေါင်းတန်ဖိုး၏ ၁၃ ရာခိုင်နှုန်း(ကုန်တင်ကားစုစုပေါင်းတင်ပို့မှု၏ ၂၇ ရာခိုင်နှုန်း၊ ဘတ်စ်ကားတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်း) ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ခရီးသည်တင်ကားအသစ်တင်ပို့မှု ၉၁ ရာခိုင်နှုန်း၊ ကုန်တင်ကားများတင်ပို့မှု ၉၃ ရာခိုင်နှုန်း၊ ဘတ်စ်ကားတင်ပို့မှု ၈၈ ရာခိုင်နှုန်းနှင့် မော်တော်ယာဉ်အင်ဂျင်တင်ပို့မှု ၆၈ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်မူ ဂျပန်နိုင်ငံ၏ စုစုပေါင်းတင်ပို့ကုန်များတွင် ခရီးသည်တင်ကား ၂ ရာခိုင်နှုန်းနှင့် အင်ဂျင် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဘတ်စ်ကား ၈ ရာခိုင်နှုန်းနှင့် ကုန်တင်ကား ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

မော်တော်ယာဉ်လုပ်ငန်းသည် ထောက်ပံ့ရေးကွင်းဆက်ရှည်လျားသည့် အတွက် ပို့ကုန်ကျဆင်းမှုများသည် မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် Semiconductors များအပေါ်တွင်လည်း သက်ရောက်မှုရှိလာနိုင်သည်ဟု စီးပွားရေးပညာရှင်က သုံးသပ်ပြောကြားခဲ့ကြောင်း၊ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် အီရန်စစ်ပွဲ၏ သက်ရောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ထုတ်လုပ်မှုလျှော့ချခြင်း နှင့် ပြောင်းလဲတင်ပို့နိုင်မည့်လမ်းကြောင်းသစ်များကို ရှာဖွေနေကြောင်း၊ Nissan Motor ကုမ္ပဏီက တင်ပို့မည့်ကားများကို အရှေ့အလယ်ပိုင်းဒေသသို့ သီရိလင်္ကာ၊ စင်ကာပူနှင့် တရုတ်နိုင်ငံကဲ့သို့သော အာရှနိုင်ငံများမှတစ်ဆင့်လည်းကောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့ရှိဆိပ်ကမ်းများမှတစ်ဆင့်လည်းကောင်း တင်ပို့လျက်ရှိကြောင်း၊  Mitsubishi Motors ကမူ အိုမန်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ ဆိပ်ကမ်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးသည်တင်ကားတင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ကနေဒါ၊ ဘယ်လ်ဂျီယံနှင့်ဩစတြေးလျအပါအဝင်အခြားနိုင်ငံများသို့လည်းတိုးတက်ခဲ့ကြောင်း၊ ကုန်တင်ကားများကို တရုတ်၊ စင်ကာပူနှင့် မက္ကဆီကိုအပါအဝင်နိုင်ငံများသို့ တင်ပို့မှုတိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဂျပန်နိုင်ငံမှ တစ်ကမ္ဘာလုံးသို့ သံမဏိတင်ပို့မှု ၇ ရာခိုင်နှုန်းသာကျဆင်းခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသများသို့ ရေနံထုတ်လုပ်ရာတွင် အခြေခံအဆောက်အဦဖြစ်သည့် သံမဏိပိုက်လိုင်းတင်ပို့မှုမှာမူ ၅၉ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ သံမဏိလုပ်ငန်းသည် မော်တော် ကားထုတ်လုပ်မှုလျှော့ချခြင်းမှဖြစ်ပေါ်လာသော သွယ်ဝိုက်သက်ရောက် မှုများအပြင် တိုက်ရိုက်ထိခိုက်မှုကိုပါခံစားခဲ့ရသည်ဟု ဂျပန်သံနှင့်သံမဏိအဖွဲ့ချုပ်က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသမှ ယခင်က စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းကျော်တင်သွင်းခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းတွင်မူ တင်သွင်းမှု ၆၇ ရာခိုင်နှုန်း အထိကျဆင်းခဲ့ပြီး အမေရိကန်မှတင်သွင်းမှု ၃၉ ရာခိုင်နှုန်း၊ အီကွေဒေါနှင့် ဘရူနိုင်းနိုင်ငံတို့မှ တင်သွင်းမှုများလည်းတိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း အရှေ့အလယ်ပိုင်းဒေသများမှ နက်ဖ်သာ(Naphtha)တင်သွင်းမှုသည် ယမန် နှစ်အလားတူကာလထက် ၈၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အိန္ဒိယနိုင်ငံမှ သုံးဆကျော်ပိုမိုတင်သွင်းခဲ့ပြီး ဩစတြေးလျမှ တင်သွင်းမှုသည် ၅ ရာ ခိုင်နှုန်းခန့်တိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း အရှေ့အလယ်ပိုင်းမှ အလူမီနီယံတင်သွင်းမှု ၇၅ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း၊ စုစုပေါင်းတင်သွင်းမှု ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အိန္ဒိယနှင့် ဘရာဇီးကဲ့သို့သောအချို့နိုင်ငံများမှ တင်သွင်းမှုမှာ တိုးတက်လာခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းမှ တင်သွင်းသော ဓာတ်ဆီ(Gasoline)ပမာဏမှာ ၇၄ ရာခိုင်နှုန်းနှင့် မက်သနော(Methanol)မှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ အဆိုပါကုန်စည်များအား စုစုပေါင်းတင်သွင်းမှုသည် ၁၁ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ရေနံအပါအဝင် အခြားကုန်စည်များကို ပြောင်းလဲ ဝယ်ယူနိုင်မည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတွင် အရန်ထားရှိသည့်ရိက္ခာများကို ထုတ်ယူသုံးစွဲခြင်းတို့ကြောင့် ထောက်ပံ့မှုကွင်းဆက်ပြတ်တောက်ခြင်းသည် လတ်တလောတွင် ကဏ္ဍအသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်ပျံ့နှံ့ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။

Source: https://asia.nikkei.com/economy/trade/japan-s-car-exports-to-war-hit-middle-east-plummet-90-in-april

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News