International News

အိန္ဒိယအစိုးရသည် ကြီးမားသည့်ပြုပြင်ပြောင်းလဲမှုများအား ကတိကဝတ်ပြုထားသည့်အတွက် ကမ္ဘာက ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးချုပ်မိုဒီက လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြား

Last Updated:

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက အိန္ဒိယနိုင်ငံ၏ ၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့တွင် တိုးတက်မှုမြှင့်တင်ရန်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် အစိုးရ၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ကမ္ဘာနိုင်ငံအသီးသီးက အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုအပါအဝင် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ၂၀၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံအား ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ အသွင် ပြောင်းရန် ရည်မှန်းချက်ကို အလေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။ 

လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အားမိန့်ခွန်းပြောကြားရာတွင် မိုဒီက စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လွယ်ကူသောချေးငွေရယူမှုကို ပံ့ပိုးပေးသည့်ဘဏ်လုပ်ငန်းကဏ္ဍတွင် အသွင်ကူးပြောင်းမှုများ၊ အိန္ဒိယနိုင်ငံသည် မိုဘိုင်းလ်ဖုန်းတင်သွင်းသူအဖြစ်မှ မိုဘိုင်းလ်ဖုန်းတင်ပို့သူအဖြစ်သို့ ကူးပြောင်းသွားသည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများအား အလေးထားပြောကြားခဲ့ပြီး လူမှုနိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့်အတူ အဆိုပါပြုပြင်ပြောင်းလဲမှုများသည် ၂၀၄၇ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်သောအိန္ဒိယနိုင်ငံကိုရရှိရန် အဓိကအချက် ဖြစ်ကြောင်း၊ ၂၀၄၇ ခုနှစ်တွင် ဖွံ့ဖြိုးလာမည့် အိန္ဒိယသည် ဆောင်ပုဒ်တစ်ခုမျှသာမဟုတ်ဘဲ ၎င်းနောက်တွင် ပြတ်ပြတ်သားသားကြိုးစားလုပ်ဆောင်မှုများရှိနေကြောင်း ပြောကြားခဲ့သည်။

မိုဒီက ချေးငွေဆိုင်ရာလုပ်ငန်းစဉ်များလွယ်ကူစေခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာဝင်ရောက်စွက်ဖက်မှုကို လျှော့ချခြင်းနှင့် လူငယ်များ၏မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန်တို့အပါအဝင် ကန့်သတ်ချုပ်ချယ်ထားသည့်ကဏ္ဍများအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန်  ကတိပြုခဲ့ကြောင်းလည်း သိရှိရသည်။

ထို့ပြင်မိုဒီက ယခုပြုပြင်ပြောင်းလဲမှုများသည် အကြပ်အတည်းကိုတွန်းအားပေးသော ၁၉၉၁ ခုနှစ် စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့် မတူညီပါကြောင်း၊ မိမိတို့၏ ပြုပြင်ပြောင်းလဲမှုများသည် အကြပ်ကိုင်ခြင်းမဟုတ်ကြောင်းနှင့် အိန္ဒိယနှင့်၎င်း၏စီးပွားရေးကို ပိုမိုခိုင်မာစေရန်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် မိုဒီက ပြီးခဲ့သောဆယ်စုနှစ်များမှ အောင်မြင်မှုများအား ပြောကြားရာတွင် ပြုပြင်ပြောင်းလဲထားသောဘဏ်လုပ်ငန်းကဏ္ဍသည် တရားဝင် စီးပွားရေးကို အားကောင်းစေပြီး ဆင်းရဲသားနှင့် လူလတ်တန်းစားများ၏ဘဏ်လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ လွယ်ကူသောချေးငွေရရှိနိုင်မှုသည် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများမှ သည် လူတစ်ဦးချင်းစီအတွက် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မိုဒီက ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ရန် ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရန်  အစိုးရအနေဖြင့် ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း အာမခံခဲ့ပြီး တိုင်းပြည်အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖွင့်လှစ်ပေးမည့် ရွှေခေတ်ဟု ပြောကြားခဲ့သည်။

မိုဒီက ၎င်း၏ယခင်ပြောကြားခဲ့သည့် မိန့်ခွန်းများကို ပြန်လည်ကိုးကား၍ ကျေးရွာပေါင်း ၁၈၀၀၀ အား လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ၂၅ သန်းကျော်ရှိသော အိန္ဒိယနေအိမ်များတွင် လျှပ်စစ်မီးရရှိရေး၊ မိသားစုပေါင်း သန်း၁၂၀ အတွက် ဘုံဘိုင်ရေရရှိရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့်  ကိုယ်ပိုင်ဂြိုလ်တုများနှင့် ဒုံးပျံများကို လွှတ်တင်နိုင်စေရန် အာကာသကဏ္ဍကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကိုလည်း ပြောကြားခဲ့သည်။

မိုဒီက မူဝါဒမှန်ကန်ပါက ရည်ရွယ်ချက်များမှန်ကန်ပြီး နိုင်ငံတော်၏ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်ကာ တိကျ သေချာသည့်ရလဒ်များရရှိနိုင်ကြောင်း ပြောကြားထားသည်။

မိုဒီက ဖွံ့ဖြိုးတိုးတက်မှုအတွက် ခေတ်မီအခြေခံအဆောက်အအုံများ၏အရေးပါမှုအဖြစ် ကျယ်ပြန့်သော ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းနှင့် အင်တာနက်ချိတ်ဆက်မှုဆိုင်ရာ အစီအစဉ်များသည် တိုးတက်မှုအား တွန်းအားဖြစ်စေကြောင်း ပြောကြားခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အစိုးရက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

၎င်းအစိုးရ၏ အောင်မြင်မှုများအနေဖြင့် တစ်ဦးချင်းဝင်ငွေမှာ နှစ်ဆတိုးလာကြောင်း၊ ကမ္ဘာ့တိုးတက်မှုတွင် အိန္ဒိယနိုင်ငံ၏ပါဝင်မှုမှာလည်းမြင့်တက်လျက်ရှိကြောင်း၊ လေဆိပ်အရေအတွက်တိုးလာကြောင်း၊ နိုင်ငံခြားအရန်ငွေနှစ်ဆ တိုးလာကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများ၏ အိန္ဒိယနိုင်ငံအပေါ် ယုံကြည်မှုလည်းတိုးလာကြောင်း မိုဒီက ပြောကြားခဲ့သည်။

မိုဒီ၏အဆိုအရ အိန္ဒိယနိုင်ငံ၏မိုဘိုင်းလ်ဖုန်းတင်သွင်းသူမှ တင်ပို့သူအဖြစ် အသွင်ပြောင်းခြင်းသည် နိုင်ငံ၏ကုန်ထုတ်လုပ်မှုဂေဟစနစ်ကို ဦးဆောင်မှုရရှိစေခဲ့ကြောင်း၊ 5G ကွန်ရက်စနစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်သည်နှင့်အမျှ မျိုးဆက်သစ် 6G အတွက်လည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ဆီမီးကွန်ဒတ်တာများ၊ ခေတ်မီနည်းပညာများနှင့် အနာဂတ်အတွက် ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)တို့၏အရေးပါမှုကို အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

မိုဒီက အိန္ဒိယနိုင်ငံ၏ဆီမီးကွန်ဒတ်တာရည်မှန်းချက်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် ပစ္စည်းတိုင်းတွင် Made In India ချစ်ပ်ပါရှိသည့် အိပ်မက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကြောင်း၊ ၎င်း၏တတိယသက်တမ်းတွင် ၎င်းနှင့်တွေ့ဆုံရန် လာရောက်သူအများစုမှာ ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းက ရင်းနှီးမြှုပ်နှံသူတွေက အိန္ဒိယတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြကြောင်းနှင့် မြေလိုအပ်ပါက ပြည်နယ်တွေက မြေကိုဖန်တီးပေးသင့်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။

အနာဂတ်အခွင့်အလမ်းများကို ပြောကြားရာတွင် မိုဒီက နိုင်ငံ၏အိုင်တီပညာရှင်များသည် ဂိမ်းနှင့် AI စျေးကွက်များတွင် ဦးဆောင်နိုင်သည်ဟု အကြံပြုခဲ့ကြောင်းနှင့်  ရာသီဥတုရည်မှန်းချက်များ ပြည့်မီစေရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော အစိမ်းရောင်အလုပ်အကိုင်များဖန်တီးရေးတို့ကို ရည်ရွယ်သည့်လှုပ်ရှားမှုတစ်ခုအဖြစ် ၂၀၃၀ ခုနှစ်တွင် ရုပ်ကြွင်းမဟုတ်သော လောင်စာစွမ်းအင် ၅၀၀ GW ရရှိရန်နှင့် အိန္ဒိယအား အစိမ်းရောင်ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုအတွက် အချက်အချာနေရာအဖြစ် ထူထောင်ရန် အစိုးရ၏ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယဝန်ကြီးချုပ်သည် ၂၀၄၇ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရေးရည်မှန်းချက်အောင်မြင်ရန် ကဏ္ဍစုံမှ အကြံပြုချက်များကို အသိအမှတ်ပြုခဲ့ကြောင်းနှင့် အဆိုပါအဆိုပြုချက်များတွင် အိန္ဒိယနိုင်ငံကို ကမ္ဘာ့ကျွမ်းကျင်လုပ်သားမြို့တော်ဖြစ်စေရန်၊ ကုန်ထုတ်လုပ်မှုဗဟိုချက်နေရာအဖြစ် ပြောင်းလဲရန်၊ စီးပွားရေးအရ မိမိကိုယ်မိမိ မှီခိုအားထားမှုရရှိစေရန်နှင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များအား ကမ္ဘာတွင် ထင်ရှားသည့်တက္ကသိုလ်များဖြစ်စေရန်တို့ပါဝင်ကြောင်း သိရှိရသည်။

Source: Independence Day Speech: PM Modi says world looking to invest in India as govt committed to big reforms, The Economic Times, 15 August 2024

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News