ဥရောပကော်မရှင်က အမေရိကန်မှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် ၎င်း၏ကိုယ်ပိုင်နှုန်းထားဖြင့် အခွန်စည်းကြပ်မည့်ကိစ္စကို ဧပြီလ ၁ ရက်တွင် စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း ၁၂-၃-၂၀၂၅ ရက်၌ ပြောကြားခဲ့ပါသည်။ အီးယူ၏ သံမဏိနှင့်အလူမီနီယံအပေါ် အမေရိကန်မှ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည့်ကိစ္စစတင်အသက်ဝင်လာပြီးနောက် ယင်းတန်ပြန်အရေးယူမှုအား ကြေညာခဲ့ခြင်းဖြစ်ပါသည်။
ဥရောပ၏စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားများနှင့်စားသုံးသူများအား တရားမျှတမှုမရှိသော ကုန်သွယ်မှုကန့်သတ်ချက်များ၏ သက်ရောက်မှုမှ အကာအကွယ်ပေးနိုင်ရေးအတွက် တန်ပြန်အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့ပါသည်။ အီးယူအစီအမံများ၏ စုစုပေါင်းတန်ဖိုးသည် အမေရိကန်၏အခွန်စည်းကြပ်မှုအသစ်သက်ရောက်မှုကြောင့် တိုးမြင့်လာသော ကုန်သွယ်မှုတန်ဖိုးနှင့် တစ်ထပ်တည်းကျစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့ပါသည်။
အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ(ယူရို ၂၆ ဘီလီယံ)တန်ဖိုးရှိအခွန်စည်းကြပ်မှုကို အမေရိကန်က ကျင့်သုံးမည်ဖြစ်သည့်အတွက် တန်ပြန်အရေးယူမှု အနေဖြင့် ယူရို ၂၆ ဘီလီယံပြန်လည်စည်းကြပ်ရန် တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ Mr. Ursula von der Leyen က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းရန် အီးယူအနေဖြင့် လမ်းဖွင့်ထားပါကြောင်း၊ ကမ္ဘာကြီးတွင် ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးတို့၌ မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသည့်အတွက် စီးပွားရေးကိုအခွန်ဖြင့်စည်းကြပ်၍ ဝန်ထုပ်ဝန်ပိုးဖြစ်စေရန်ဆောင်ရွက်ခြင်းသည် ဘုံအကျိုးစီးပွားတစ်ခု မဟုတ်ဟု အခိုင်အမာယုံကြည်ပါကြောင်း Mr. von der Leyen က ထပ်လောင်းပြောကြားခဲ့ပါသည်။
အမေရိကန်က ချမှတ်လိုက်သော အခွန်စည်းကြပ်မှုများသည် Donald Trump ၏ယခင်သမ္မတသက်တမ်းအတွင်း ချမှတ်ခဲ့ဖူးသော အခွန်စည်းကြပ်မှုအစီအမံများဖြစ်ပြီး ယခုအခါ ယင်းအစီအမံများကို ပြန်လည်စတင်လာခဲ့ခြင်းဖြစ်ကြောင်း အီးယူ၏အဖွဲ့ဝင်နိုင်ငံ (၂၇)နိုင်ငံကိုယ်စား ကုန်သွယ်ရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန်တာဝန်ရှိသော ဥရောပကော်မရှင်အနေဖြင့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားခဲ့ပါသည်။
EU ၏တုံ့ပြန်မှုတွင် သံမဏိနှင့်အလူမီနီယံများသာမက အထည်အလိပ်များ၊ သားရေပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အိမ်သုံးကိရိယာများ၊ ပလတ် စတစ်နှင့် သစ်သားတို့ကိုပါ အစီအမံအသစ်များအနေဖြင့် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကြက်၊ အမဲသား၊ ပင်လယ်စာ၊ အစေ့အဆံများ၊ ကြက်ဥ၊ သကြားနှင့်ဟင်းသီးဟင်းရွက်များအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များအပေါ်တွင်လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဥရောပသမဂ္ဂ၏ တန်ပြန်အရေးယူဆောင်ရွက်မှုများသည် အဆင့်(၂)ဆင့်ဖြင့် အသက်ဝင်လာလိမ့်မည်ဖြစ်ကြောင်း၊ ပထမအစီအမံများမှာ ဧပြီလ ၁ ရက်တွင် ပြန်လည်အသက်ဝင်လာလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသောအစီအမံများကို ဧပြီလ ၁၃ ရက်တွင် ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း Mr. von der Leyen က ပြောကြားခဲ့ပါသည်။
ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz က အမေရိကန်၏ အခွန်စည်းကြပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို မှားယွင်းနေသည်ဟု ထင်မြင်မိပါကြောင်းနှင့် ဥရောပကော်မရှင်အနေဖြင့် ယင်းဆုံးဖြတ်ချက်များအပေါ် သင့်လျော်သလို လျှင်မြန်စွာတုံ့ပြန်သင့်ကြောင်း ၁၂-၃-၂၀၂၅ ရက်တွင် ပြောကြားခဲ့ပါ သည်။
အီးယူကောင်စီ၏ဥက္ကဌ (President of the European Council) ဖြစ်သော Mr. Antonio Costa ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်ဖက်နှင့်ဆွေးနွေးရန်ကမ်းလှမ်းထားကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
ကမ္ဘာပေါ်တွင် ယခုကဲ့သို့ စစ်ပွဲများဖြစ်ပေါ်နေဆဲအခြေအနေ၌ ၎င်းတို့အနေဖြင့် စစ်ပွဲများ ရပ်တန့်ရန်သာလိုလားပြီး ကုန်သွယ်ရေးစစ်ပွဲများထမ်မံ မဖြစ်ပေါ်ရန်လိုအပ်သည်ဟု ထင်မြင်ကြောင်းနှင့် ဥရောပကော်မရှင်၏ တုံ့ပြန်ချက်များအားလုံးသည် တစ်ဖက်မှဆောင်ရွက်ခဲ့မှုများနှင့် ထပ်တူ အချိုးကျရန်လိုအပ်သည်ဟု Mr. Costa က ဝန်ကြီးချုပ် Mr. Scholz နှင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းတွင်ပင် အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Mr. Jamieson Greer က အီးယူ၏ကြေညာချက်အစီအမံများသည် လက်တွေ့နှင့်မကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။
တစ်ကမ္ဘာလုံးတွင် သတ္တုနှင့် အခြားကဏ္ဍအမျိုးမျိုးကို ပိုလျှံတင်ပို့နေကြမှုများအား ကိုင်တွယ်ဖြေရှင်းရန်ပျက်ကွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အီးယူအား အပြစ်တင်ခဲ့ပြီး အီးယူ၏ဒဏ်ခတ်အရေးယူမှုသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို ဂရုမစိုက်သည်သာမက နိုင်ငံတကာလုံခြုံရေးကိုပင် အမှန်တကယ်လျစ်လျူရှုထားခဲ့ကြောင်း Mr. Jamieson Greer က ဆက်လက်ပြောကြားခဲ့ပါသည်။
Trump အစိုးရအဖွဲ့အနေဖြင့် ၎င်း၏အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံအချို့အပေါ် အခွန်စည်းကြပ်မှုများ လျှင်မြန်စွာအကောင်အထည်ဖော်လာခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ စျေးကွက်များကို ထိတ်လန့်စေခဲ့ကြောင်း ဖော်ပြထားပါသည်။ သမ္မတ၏အမြင်တွင် ပထမဆုံးပစ်မှတ်များမှာ ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး ယင်းနိုင်ငံများက ၎င်းတို့၏လက်တုံ့ပြန်မှုအစီအမံများကို ကြေညာခဲ့ကြပါသည်။ အမေရိကန်မှ ကုန်ပစ္စည်းများအပေါ် ကနေဒါနိုင်ငံက အမေရိကန်ဒေါ်လာ ၂၀.၇ ဘီလီယံ ထပ်မံအခွန်စည်းကြပ်မည်ဟု ပြောကြားခဲ့ပါသည်။
ကိစ္စအတော်များများတွင် အိမ်ဖြူတော်သည် နောက်ဆုံးမိနစ်ဟု တင်စားရသည့်အချိန်များ၌ အစီအစဉ်များကို ပြောင်းလဲလေ့ရှိသည့်အတွက် Trump ၏ အခွန်စည်းကြပ်မှုကိစ္စများသည်လည်း ၎င်းတို့အနေဖြင့် ကြိုတင်မှန်းဆ၍မရခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရကြောင်း ဖော်ပြထားပါသည်။
အမေရိကန်၏ အကြီးမားဆုံးသော မဟာမိတ်ခေါင်းဆောင်အချို့သည် စည်းကြပ်ခွန်များ ခြိမ်းခြောက်မှုကိုကာကွယ်ရန် ဝါရှင်တန်သို့ အပြေးအလွှားလာရောက်ခဲ့ကြသော်လည်း ယခုအချိန်အထိ ပြောင်းလဲမှုမရှိသေးပါသဖြင့် Trump သည် ၎င်း၏ နောက်ဆုံးသမ္မတသက်တမ်းကာလအတွင်း သက်သာခွင့်များပေးရန် ဆန္ဒရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အခွန်စည်းကြပ်မှုသည် တရားမျှတမှုမရှိသောကုန်သွယ်မှုအလေ့အကျင့်များကို ပြန်လည်ချိန်ညှိရန်ကြိုးပမ်းမှုဖြစ်ကြောင်းနှင့် အမေရိကန်ရှိ စားသုံးသူများ၏သုံးစွဲနိုင်စွမ်းကြောင့် နိုင်ငံအများအပြားသည် အမေရိကန်မှ ကုန်စည်များကို ၎င်းတို့နိုင်ငံများသို့ ဝယ်ယူတင်သွင်းခြင်းထက် အမေရိကန်သို့ တင်ပို့ခြင်းကိုသာ ပိုမိုဆောင်ရွက်ကြကြောင်း Trump က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
သို့သော်လည်း ယခုကဲ့သို့အခွန်စည်းကြပ်မှုများသည် နောက်ဆုံးတွင် အမေရိကန်မှ စားသုံးသူများကို ထိခိုက်လိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးထားပြီး၊ ယင်းသို့ဆောင်ရွက်မှုသည် ထုတ်လုပ်သူများအား ၎င်းတို့၏ထုတ်လုပ်မှုလိုင်းများကို အမေရိကန်သို့ ပြန်လည် ယူဆောင်၍ ထုတ်လုပ်မှုလုပ်ငန်းများကို အမေရိကန်တွင် လာရောက်ဆောင်ရွက်ရန် ဆွဲဆောင်နိုင်မှု ရှိ၊ မရှိအပေါ် မေးခွန်းထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။
ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်သော အမေရိကန်အနေဖြင့် စီးပွားရေးကျဆင်းမှုအခြေအနေသို့ ရောက်ရှိလာနိုင်ခြေကြောင့် ငွေကြေးဈေးကွက်များတွင် အနှောင့်အယှက်ဖြစ်နေကြသော်လည်း Trump ကမူ Wall Street ၏အညွှန်းကိန်းများ နှစ်ရက်ဆက်တိုက်ကျဆင်းသွားသည့်အပေါ် စိုးရိမ်မှု မရှိရန်နှင့် ယခုဆောင်ရွက်နေသည့် လမ်းကြောင်းပေါ်၌ ကျဆင်းမှုကိုမမြင်ရကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
Source: https://www.dw.com/en/eu-announces-countermeasures-to-us-steel-aluminum-tariffs/a-71896018
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)