ဂျာမန်မီးရထားလုပ်ငန်းဖြစ်သော Deutsche Bahn(DB)သည် ၂၀၂၄ ခုနှစ်အတွင်း ခရီးစဉ်နှောင့်နှေးမှုများနှင့်ဖျက်သိမ်းခဲ့မှုများအတွက် ခရီးသည်များအား လျော်ကြေး ယူရို(၁၉၇)သန်း (အမေရိကန် ဒေါ်လာ၂၁၄ သန်း)နီးပါးပေးချေခဲ့ရကြောင်း ၉-၃-၂၀၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်အတွင်း Deutsche Bahn မှ ပြေးဆွဲခဲ့သော ခရီးဝေးရထားဝန်ဆောင်မှုများအားလုံး၏ သုံးပုံတစ်ပုံကျော်ခန့်မှာ အချိန်တိကျမှုမရှိခဲ့ပေ။ ကုမ္ပဏီအနေဖြင့် ရထားထွက်ရန်သတ်မှတ်ထားသည့်အချိန်ထက် ရထားထွက်ချိန် ၅ နာရီ ၅၉ မိနစ်ထက် ကျော်လွန်သွားပါက ရထားနောက်ကျသည်ဟု ယူဆသတ်မှတ်ပါသည်။ ယင်းသတ်မှတ်ချက်အရ ၃၇.၅ ရာခိုင်နှုန်းသော ခရီးဝေးရထားများ၏ ဆိုက်ရောက်ချိန်များမှာ အနည်းဆုံး(၂၁)နှစ်တာကာလအတွင်း အချိန်တိကျမှု၌ အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ရထားတစ်စီး ခရီးစဉ်နှောင့်နှေးသွားပါက ခရီးသည်များအတွက် နစ်နာကြေးကို DB အနေဖြင့် အငြင်းပွားမှုမရှိဘဲပေးချေခဲ့ကြောင်းနှင့် ယင်းသို့နှောင့်နှေးမှုများက ပေးလျော်ရသည့်နစ်နာကြေးများကို မြင့်တက်လာစေခဲ့ကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူက ဂျာမန်သတင်းစာ Bild သို့ ပြောကြားခဲ့ပါသည်။
ကုမ္ပဏီအနေဖြင့်၂၀၂၄ ခုနှစ်တွင် ခရီးသည်များ၏နစ်နာကြေးတောင်းဆိုမှုပေါင်း ၆.၉ သန်းလက်ခံရရှိခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် တောင်းဆိုချက် ၅.၆ သန်းကို လက်ခံရရှိခဲ့ပြီး ယူရို ၁၃၂.၈ သန်းခန့်ပေးလျော်ခဲ့ရကြောင်း DB ၏ဖော်ပြချက်အရ သိရှိရပါသည်။
ဂျာမနီ၏မီးရထားစနစ်သည် မကြာသေးမီနှစ်များအတွင်း မီးရထားဖြင့် ခရီးသွားလာကြသည့် ခရီးသွားများအကြား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော အဓိကအရင်းအမြစ်တစ်ခုဖြစ်ခဲ့ပါသည်။ ခရီးသွားများအနေဖြင့် ခရီးသည်များ အလွန်များပြားပြည့်ကျပ်နေသည့် ရထားများကို စီးနင်းရခြင်း၊ ခရီးစဉ်ကြန့်ကြာခြင်းနှင့် ဝန်ဆောင်မှုဖျက်သိမ်းခြင်းများနှင့် ပိုမိုရင်ဆိုင်လာရကြောင်း ဖော်ပြထားပါသည်။
DB အနေဖြင့် ၎င်း၏ခရီးဝေးသွားအမြန်ရထားဝန်ဆောင်မှုများ၏ အချိန်တိကျမှုကို ၂၀၂၇ ခုနှစ် နှစ်အကုန်တွင် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။
DB ၏ ခရီးသွားများအနေဖြင့် ရထားလမ်းကြောင်းများအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြင်ဆင် ခြင်းလုပ်ငန်းများဆောင်ရွက်နေသည့်အချိန်များတွင် လမ်းကြောင်း၏ ကြီးမားသော လမ်းပိုင်းအချို့ကို ပုံမှန်ပိတ်ထားခြင်းများနှင့်လည်း ရင်ဆိုင်ခဲ့ကြရပါသည်။
DB ၏ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော နှောင့်နှေးမှုများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် သယ်ယူပို့ဆောင်ရေးအဓိကအချက် အချာကျသောနေရာများ၌ ခရီးစဉ်ပြေးဆွဲမှုများ ပိုမိုမြင့်တက်လာသည့်အတွက် ဟောင်းနွမ်းလာသော အခြေခံအဆောက်အဦများကို သုံးစွဲသင့်သည်ထက် ပိုမိုသုံးစွဲရခြင်းကြောင့်ဖြစ်ပါသည်။
ရထားကုမ္ပဏီအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသွားလာမှုများပြားသော စင်္ကြန် (၄၁) ခုအား အကြီးစားပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရန် လက်ရှိအချိန်တွင် စီစဉ်လျက်ရှိပါသည်။
ထို့ပြင် DB အနေဖြင့် ရထားခရီးစဉ်များနှောင့်နှေးရခြင်းကို သင့်တော်သောရထားဝန်ထမ်းများ ရရှိရန်ခက်ခဲခြင်းကြောင့် အလုပ်သမားလိုအပ်ချက်များရှိလာသည့်အတွက် တင်းကြပ်သော အလုပ်သမားဈေးကွက်အပေါ် ယခင်က အပြစ်တင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www.dw.com/en/deutsche-bahn-pays-197m-in-compensation-for-delays-in-2024/a-71872282
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)