International News

ထရမ့်၏ မူဝါဒများနှင့်စပ်လျဉ်း၍ ကိုင်တွယ်ဖြေရှင်းသွားရန် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် Joint Standing Committee on Commerce, Industry and Banking တို့တွေ့ဆုံသွားရန်ရှိ

Last Updated:

အမေရိကန်ကုန်သွယ်ရေးမူဝါဒအသစ်များနှင့်စပ်လျဉ်းသည့် အစီအမံများကို ဆွေးနွေးရန် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် Joint Standing Committee on Commerce, Industry and Banking တို့တွေ့ဆုံသွားရန်ရှိကြောင်း သိရှိရပါသည်။

ကာလတို၊ ကာလလတ်နှင့် ကာလရှည်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဆိုင်ရာ မဟာအစီအစဉ်မူကြမ်းရေးဆွဲရန် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ၏ မက္ကဆီကို၊ ကနေဒါနှင့် တရုတ်အပေါ် အခွန် ကောက်ခံပြီးနောက် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသော နိုင်ငံများအနေဖြင့်လည်း တူညီသောအခြေအနေများဖြစ်ပေါ်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ထရမ့်၏ ဦးတည်ရာဖြစ်လာနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကျော်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁၁ ဖြစ်ကြောင်း၊ ကုန်သွယ်ရေးမူဝါဒကြောင့် ထိခိုက်နိုင်သည့် ကဏ္ဍတစ်ခုချင်းစီကို အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ်များ ပူးတွဲစောင့်ကြည့်ရန်ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် Mr. Kriengkrai Thiennukul က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အခွန်ပြင်းထန်မှု၏အန္တရာယ်သာမက အမေရိကန်-တရုတ်ကုန်သွယ်မှုပဋိပက္ခကြောင့် တရုတ်လုပ်ငန်းများ၏ တင်ပို့မှုလမ်းကြောင်းများပြောင်းလဲလာနိုင်ရာ သွယ်ဝိုက်သောသက်ရောက်မှုလည်းရှိနိုင်ကြောင်း၊ နယ်ပယ် ၄၇ ခုရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အခု ၂၀ ခန့်သည် တရုတ် တန်ဖိုးနည်းပစ္စည်းများ၏ သက်ရောက်မှုကို ခံစားနေရပါကြောင်း Mr. Kriengkrai က ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးမသေချာမှုအပေါ် ပထမအချက်အနေဖြင့် စိုးရိမ်နေသကဲ့သို့ အထူး သဖြင့် တရုတ်သွင်းကုန်များကြောင့် ပြည်တွင်းထုတ်လုပ်သူများကို ထိခိုက်လျက်ရှိရာ ပြည်တွင်းစီးပွားရေးသည်လည်း ဒုတိယစိုးရိမ်မှုဖြစ်ကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာစိုးရိမ်မှုများရှိနေသော်လည်း ထုတ်လုပ်မှုကဏ္ဍအတွက် ညွှန်ကိန်းသည် ဖေဖော်ဝါရီလတွင် ၉၃.၄ ထိမြင့်တက်ခဲ့ကြောင်း၊ ထိုင်းဗဟိုဘဏ်၏ မူဝါဒအတိုးနှုန်းကို ၂.၂၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့လျှော့ချခဲ့ခြင်း၊ အစိုးရ၏ Easy E-receipt အခွန် ပြန်အမ်းငွေအစီအစဉ်နှင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အတွင်း နိုင်ငံခြားသားဝင်ရောက်မှုဦးရေ ၆ သန်းကျော်ခဲ့ခြင်းအပါအဝင် အချက်များစွာကြောင့်ဖြစ်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ Mr. Apichit Prasoprat က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News