ယခုနှစ် Songkran ပွဲတော်မှ နိုင်ငံတကာခရီးသွားများထံမှ ဘတ် ၂၆.၅ ဘီလီယနှင့် ပြည်တွင်း ခရီးစဉ်ပေါင်း ၄.၄ သန်းရရှိလာနိုင်မည်ဟု ထိုင်းခရီးသွားအာဏာပိုင်က ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အတွင်း နိုင်ငံတကာဈေးကွက်မှ ၇ ရာခိုင်နှုန်းတိုးတက်မှုရှိနိုင်ပြီး ဘတ် ၇.၃ ဘီလီယံနှင့် ပြည်တွင်းဈေးကွက်မှ ၉ ရာခိုင်နှုန်းတိုးတက်မှုရှိနိုင်ပြီး ဘတ် ၁၉.၂ ဘီလီယံ ရရှိနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊နိုင်ငံတစ်ဝှမ်းတွင် ပွဲတော်များကျင်းပသွားမည်ဖြစ်သဖြင့် Maha Songkran World Water Festival 2025 မှ စုစုပေါင်းဝင်ငွေသည် ၈ ရာခိုင်နှုန်းတိုးတက်မှုရှိနိုင်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် တရုတ်သရုပ်ဆောင်ကိစ္စရပ်နှင့် Call center များ နှိမ်နင်းမှုများကြောင့် လုံခြုံစိတ်ချရမှုအပေါ် ယုံကြည်မှုလျော့ကျနေသဖြင့် တရုတ်ဈေးကွက်သည် ၃၄ ရာခိုင်နှုန်းနှင့် ဟောင်ကောင်ဈေးကွက်သည် ၂၈ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း၊ ဥရောပခရီးသွားအရေအတွက်သည် ၂၃ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း၊ လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူမှုများသည် ၁၇ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး အများစုမှာ ယူကေ၊ဂျာမနီနှင့်အစ္စရေးတို့ဖြစ်ကြောင်း ဥက္ကဋ္ဌ Ms. Thapanee Kiatphaibool က ပြောကြားခဲ့သည်။
အရှေ့တောင်အာရှဈေးကွက်သည် ၇ ရာခိုင်နှုန်းတိုးတက်မှုရှိနိုင်ပြီး ခရီးသွားဦးရေ ၁၆၀,၈၀၀ ဦးထိ ရောက်ရှိနိုင်ကြောင်း၊ မလေးရှားသည် ခရီးသွားဦးရေ ၈၁,၀၀၀ ဖြင့်အများဆုံးဖြစ်နိုင်ပြီး ဝင်ငွေ ဘတ် ၆၃၇ သန်းရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်ခရီးသွားများသည် ၆၅,၀၀၀ ခန့်သာဝင်ရောက်နိုင်ပြီး ဘတ် ၁.၂ ဘီလီယံရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယခုလအစောပိုင်းတွင် Songkran အတွက် ဘတ်ဂျက် ဘတ် ၁၅၃ သန်းကို အစိုးရက ခွင့်ပြုထားပါကြောင်း၊ ပွဲတော်ကာလအတွင်း လေယာဉ်ခများကို တတ်နိုင်သောဈေးနှုန်းဖြစ်စေရန် ပို့ဆောင်ရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း၊ ဈေးနှုန်းနည်းပါးသော Thai AirAsia နှင့် Thai Vietjet တို့က ဧပြီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း အချို့သော လမ်းကြောင်းများကို လေယာဉ်ခ ၃၀ ရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)