International News

စင်ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား Financial Transparency Corridor Initiative (FTC) စတင်ဆောင်ရွက်

Last Updated:

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore–MAS)နှင့် ကမ္ဘောဒီးယားအမျိုးသားဘဏ်(National Bank of Cambodia–NBC)တို့က Financial Transparency Corridor Initiative(FTC)စတင်ဆောင်ရွက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ MAS က သတင်းထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet ၏စင်ကာပူနိုင်ငံသို့ လာရောက်ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် FTC ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါသည်။

FTC သည် စင်ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ငွေကြေးအဖွဲ့အစည်းများအကြား သဘောတူညီချက်ကိုအခြေခံသည့်ဒီဂျစ်တယ်အခြေခံအဆောက်အအုံ(Digital Infrastructure)နှင့် ကွန်ရက်တစ်ခုဖြစ်ပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအကြား ကုန်သွယ်မှုနှင့်နယ်စပ်ဖြတ်ကျော်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတိုးတက်စေရေးရည်ရွယ်ပါသည်။ အချက်အလက်များလွယ်ကူစွာအသုံးပြုနိုင်ခြင်းဖြင့် ငွေကြေးအဖွဲ့အစည်းများသည် ငွေကြိုတင်ထုတ်ယူသုံးစွဲမှုအန္တရာယ်ဆန်းစစ်မှုများ(Credit risk assessments)ကိုပိုမိုကောင်းမွန်စွာကိုင်တွယ်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အသေးစားနှင့်အလတ်စားကုန်သွယ်မှုများအတွက် ဘဏ္ဍာငွေပိုမိုရရှိစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

FTC တွင် ကနဦးပါဝင်သည့် ငွေကြေးအဖွဲ့အစည်းများမှာ စင်ကာပူနိုင်ငံမှ ANEXT Bank Pte Ltd၊ Liquid Group Pte Ltd နှင့် Sing Investments & Finance Limited တို့ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှ Advanced Bank of Asia Ltd၊ ACLEDA Bank PLC၊ Phillip Bank PLC၊ Sathapana Bank PLC နှင့် Wing Bank PLC တို့ဖြစ်ပါသည်။

FTC မှတစ်ဆင့် သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။Sing Investments & Finance Limited သည် FTC ကိုအသုံးပြု၍ ကမ္ဘောဒီးယားအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းမှ ကုန်စည်နှင့်ကုန်ကြမ်းများကို ဝယ်ယူနေသည့် စင်ကာပူအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မည်ဖြစ်ပါသည်။ Liquid Group Pte Ltd သည် အဆိုပါစင်ကာပူ-ကမ္ဘောဒီးယားကုန်သွယ်မှုနှင့်ဆက်စပ်သည့် နိုင်ငံခြားငွေပေးချေမှုများတွင် လိုအပ်သည့်စစ်ဆေးမှုများကို ကူညီပေးမည်ဖြစ်ပါသည်။ Sathapana Bank PLC က စင်ကာပူအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ အိမ်ဆောက်ပစ္စည်းများတင်သွင်းသည့် ကမ္ဘောဒီးယားအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှုပေးသွားမည်ဖြစ်ပါသည်။

FTC ဆောင်ရွက်မှု၏ အကျိုးဆက်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးကို အထောက်အကူပြုရန် ငွေကြေးအဖွဲ့အစည်းများပါဝင်မှုအရေအတွက်၊ငွေကြေးစီးဆင်းမှု(Green Finance)နှင့် ကုန်သွယ်မှုဆိုင်ရာဘဏ္ဍာရေး စသည်တို့ တိုးတက်များပြားလာစေမည်ဖြစ်ပါသည်။  

“FTC စတင်ဆောင်ရွက်ခြင်းသည် ဒီဂျစ်တယ်အခြေခံအဆောက်အအုံမှ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာအချက်အလက်များဖလှယ်ခြင်းဖြင့် ယင်းလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ငွေကြေးအဖွဲ့အစည်းများပါဝင်ခြင်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း” MAS ၏မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Chia Der Jiun က ပြောကြားခဲ့ပါသည်။ “FTC သည် NBC နှင့် MAS တို့၏စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် သတင်းအချက်အလက်ရရှိရေးကို အထောက်အကူဖြစ်စေရေးမျှော်မှန်းချက်ကို ထင်ဟပ်စေမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသည့် အချက်အလက်များဖြစ်စေခြင်းဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုများကို ပိုမိုဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ FTC စတင်ဆောင်ရွက်မှုသည် ကုန်သွယ်မှုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရေရှည်တည်တံ့သည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစသည်တို့ကိုမြှင့်တင်ရန်ဟူသည့် နှစ်နိုင်ငံ၏ ကတိကဝတ်ကို အလေးပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း” NBC Governor ဖြစ်သူ H.E. Dr. Serey Chea က ပြောကြား ခဲ့ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် FTC ဆောင်ရွက်ခြင်းသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အများစုလိုလားချက်ဖြစ်သည့် ငွေကြေးရရှိနိုင်မှုလွယ်ကူစေခြင်း၊ ဈေးကွက်ရရှိစေခြင်းတို့အတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပေးသည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူ)

Category: International News