International News

စားနပ်ရိက္ခာဖူလုံရေးအတွက် ဂျပန်အစိုးရနှင့်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့

Last Updated:

ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံရှိ ပို့ကုန်သွင်းကုန်ကုမ္ပဏီကြီးများအား တွေ့ဆုံ၍ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ မဟာဗျူဟာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

အဆိုပါသတင်းတွင် ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုများပြင်းထန်လာပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်ပေါ်စေလျက်ရှိခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် ယခုကဲ့သို့ဆွေးနွေးမှုများပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

စိုက်ပျိုးရေးဝန်ကြီး Mr. Sakamoto Tetsushi က ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွက် လိုအပ်သည့်စားနပ်ရိက္ခာများကိုဈေးနှုန်းသက်သာစွာဖြင့် လိုအပ်သလောက်တင်သွင်းနိုင်တော့မည်မဟုတ်ကြောင်း၊ ကောက်ပဲသီးနှံတင်သွင်းနိုင်မှုအခြေအနေမှာ များစွာပြောင်းလဲလျက်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံသို့ တင်ပို့မည့်ကောက်ပဲသီးနှံများကို သိုလှောင်ထိန်းသိမ်းရန်နှင့် တင်ပို့ရန်အတွက် လိုအပ်သည့်အခြေခံအဆောက်အဦများကို တင်ပို့မည့်နိုင်ငံများတွင် တည်ဆောက်နိုင်ရေးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးက ကတိပြုပြောကြားခဲ့ကြောင်းဖော်ပြ ထားပါသည်။

ပို့ကုန်သွင်းကုန်ကုမ္ပဏီကြီးများအနေဖြင့် ဂျပန်နိုင်ငံသို့ ကုန်စည်တင်ပို့မည့်နိုင်ငံများတွင် ရထားလမ်းနှင့် ဆိပ်ကမ်းကဲ့သို့သော အခြေခံအဆောက်အဦများတည်ဆောက်နိုင်ရေးအတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ(Official Development Assistance)များပေးအပ်နိုင်ရေးအတွက်လည်း တောင်းဆိုခဲ့ကြကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပို့ကုန်ဆိုင်ရာစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများပိုမိုရှင်းလင်းလွယ်ကူလာစေရေးနှင့် ကောင်းမွန်လာစေရေးတို့အပြင် အဆိုပါလုပ်ငန်းစဉ်များကိုလည်း ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့လျက်ရှိသည့်နိုင်ငံများသို့ ဖြန့်ဝေပေးရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွက် လိုအပ်သည့်ဂျုံ၊ ပဲပိစပ်၊ အခြားသောကောက်ပဲသီးနှံများနှင့် ဓာတ်မြေဩဇာများကို ပြည်ပမှ အဓိကတင်သွင်းသုံးစွဲလျက်ရှိကြောင်း၊ သို့သော် ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ တရုတ်နှင့်အခြားသောကမ္ဘာ့နိုင်ငံများ၏ ဝယ်လိုအားမြင့်မားလာမှုတို့ကြောင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားမှုများကြုံတွေ့ရလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The NHK World Japan (၁၈-၆-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News