International News

ဂျပန်အစိုးရအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုအသစ် တည်ဆောက်နိုင်ရေး ခွင့်ပြုသွားမည်

Last Updated:

ဂျပန်စက်မှုဝန်ကြီးဌာနအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုအဟောင်းများကို ဖျက်သိမ်းပြီး နျူကလီးယားဓာတ်ပေါင်းဖိုအသစ်တည်ဆောက်နိုင်ရေး ခွင့်ပြုသွားရန် စီစဉ်လျက်ရှိပါသည်။

အဆိုပါသတင်း၌ နျူကလီးယားဓာတ်ပေါင်းဖိုအသစ်တည်ဆောက်နိုင်ရေး ခွင့်ပြုသွားမည့်မူဝါဒအား ဂျပန်အစိုးရမှ ယခုနှစ်အတွင်း ပြင်ဆင်သွားမည့် မဟာဗျူဟာစွမ်းအင်စီမံချက်(Strategic Energy Plan)တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိကျင့်သုံးလျက်ရှိသော ဂျပန်အစိုးရ၏ Strategic Energy Plan တွင် နျူက လီးယားစွမ်းအင်အသုံးပြုမှုကို တတ်နိုင်သမျှလျှော့ချသွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့နျူကလီး ယားဓာတ်ပေါင်းဖိုအသစ်တည်ဆောက်နိုင်ရေး ခွင့်ပြုသွားမည့်မူဝါဒကြောင့် ပြည်သူများမှ ဆန့်ကျင်ကန့်ကွက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ မူဝါဒအသစ်အရ နျူကလီးယားဓာတ်ပေါင်းဖိုအသစ်တည်ဆောက်နိုင်ရေး ခွင့်ပြုသွားမည်ဆိုသော်လည်း နျူကလီးယားဓာတ်ပေါင်းဖိုစုစုပေါင်းအရေအတွက်မှာ များပြားလာမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

၂၀၁၄ ခုနှစ်တွင် Strategic Energy Plan ကို ပြင်ဆင်ထုတ်ပြန်ရာ၌ ယခင်ထုတ်ပြန်ခဲ့သည့် စွမ်းအင်မဟာဗျူဟာသည် ဖူကူရှီးမားအမှတ်(၁)နျူကလီးယားဓာတ်ပေါင်းဖို အရည်ပျော်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် ငလျင်နှင့်ဆူနာမီမတိုင်မီက ထုတ်ပြန်ထားခဲ့သည့် စွမ်းအင်မူဝါဒဖြစ်သည့်အတွက် အဆိုပါမူဝါဒကို အသစ်ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်ခီရှိဒအစိုးရလက်ထက် ၂၀၂၃ ခုနှစ်တွင်ချမှတ်ခဲ့သော ကာဗွန်ကင်းစင်သည့်အသိုက်အဝန်းဖြစ်စေရေးရည်မှန်းချက်အတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သော အစိမ်းရောင်အသွင်ကူးပြောင်းနိုင်ရေးဆိုင်ရာအခြေခံမူဝါဒတွင် နျူကလီးယားစွမ်းအင်ကို တတ်နိုင်သမျှအများဆုံးအသုံးပြုနိုင်ရေးအတွက် အဆင့်မြင့်နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အဆိုပါမူဝါဒကို ထင်ဟပ်စေရေးအတွက် ၃ နှစ်တစ်ကြိမ် ပြင်ဆင်ထုတ်ပြန်လျက်ရှိသည့် Strategic Energy Plan တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် မူဝါဒအသစ်အရ ဥပမာအားဖြင့် Kyushu Electric Power Co., ၏ Saga ခရိုင် Genkai ရှိ နျူကလီးယားဓာတ်ပေါင်းဖိုအဟောင်း ၂ လုံးအား ဖျက်သိမ်းခွင့်ပြုပြီး Kagoshima ခရိုင် Sendai တွင် နျူကလီးယားဓာတ်ပေါင်းဖိုအသစ် ၂ လုံးတည်ဆောက်မှုကို ခွင့်ပြုသွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိမ်းရောင်အသွင်ကူးပြောင်းရေးဆိုင်ရာအခြေခံမူဝါဒတွင် ဖျက်သိမ်းမည့် နျူကလီးယားဓာတ်ပေါင်းဖိုအဟောင်းများနေရာတွင်သာ နျူကလီးယားဓာတ်ပေါင်းဖိုအသစ်များ တည်ဆောက်ခွင့်ကို ခွင့်ပြုထားကြောင်း၊ အချို့သော နျူကလီးယားဓာတ်ပေါင်းဖိုအဟောင်းများတွင် နျူကလီးယားဓာတ်ပေါင်းဖို အသစ်တိုးချဲ့တည်ဆောက်ရန် နေရာလုံလောက်ခြင်းမရှိသည့်အပြင် လက်ရှိနျူကလီးယားဓာတ်ပေါင်းဖိုများဖျက်သိမ်းရေးလုပ်ငန်းစဉ်မှာလည်း နှစ်ပေါင်းများစွာကြာမြင့်နိုင်ကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် ပြင်ဆင်ထုတ်ပြန်မည့် Strategic Energy Plan တွင် ကုမ္ပဏီ ၁ ခုတည်းမှ နျူကလီးယားဓာတ်ပေါင်းဖိုအဟောင်းဖျက်သိမ်းပြီး အခြားသောနေရာများတွင် အသစ်တည်ဆောက်မည်ဆိုပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူမှ ဆန့်ကျင်ကန့်ကွက်မှုများလျှော့ချနိုင်ရေးအတွက် ပြင်ဆင်ထုတ်ပြန်မည့် Strategic Energy Plan တွင် နျူကလီးယားဓာတ်ပေါင်းဖိုအသစ် တည်ဆောက်ခွင့်ပြုသည်ဆိုသော စကားရပ်အစား လက်ရှိနျူကလီးယားဓာတ်ပေါင်းဖိုများနေရာတွင် အစားထိုး၍ တည်ဆောက်ခွင့်ပြုသွားမည်ဟူသောစကားရပ်ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Asahi Shimbun (၁၆-၆-၂၀၂၄)

Category: International News