International News

အိန္ဒိယတွင် ကြက်သွန်နီဝယ်လိုအားများသော်လည်း ဈေးကွက်ဝင်ရောက်မှုနည်းပါးသဖြင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Last Updated:

ကြက်သွန်နီဈေးနှုန်းများသည် Eid-al-Adha(Bakra Eid)မတိုင်မီ ဝယ်လိုအားမြင့်တက်လျက်ရှိသော်လည်း ဈေးကွက်တွင်း ကြက်သွန်နီဝင်ရောက်မှုနည်းနေသဖြင့်  ပြီးခဲ့သည့်နှစ်ပတ်အတွင်း ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်းနှင့် ကုန်သည်လုပ်ငန်းရှင်များက ဗဟိုအစိုးရ၏ဈေးနှုန်း ထိန်းချုပ်နိုင်ရန်ဆောင်ရွက်ထားသည့် အစီ အမံများဖြေလျှော့ပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် ကြက်သွန်များကို သိုလှောင်ကိုင်ဆောင်ထားကြကြောင်း သိရှိရပါသည်။

Nashik မြို့ရှိ Lasalgaon သီးနှံဈေးတွင် ကြက်သွန်နီလက်ကားဈေးမှာ မေလ 25 ရက်၌ တစ်ကီလိုဂရမ်လျှင် 17 ရူပီးသာရှိခဲ့သော်လည်း တနင်္လာနေ့က ပျမ်းမျှ 26 ရူပီးရှိခဲ့ကြောင်းနှင့်  အရည်အသွေးကောင်းမွန်သည့် ကြက်သွန်နီစျေးနှုန်းမှာ ရူပီး 30 ထိရှိခဲ့ကြောင်း သိရှိရသည်။

ကြက်သွန်နီဈေးနှုန်းမြင့်တက်ရခြင်း၏အဓိကအကြောင်းရင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအားမကိုက်ညီခြင်းကြောင့်ဖြစ်ကြောင်း၊ ဇွန်လမှစတင်၍ ဈေးကွက်အတွင်းသို့ရောက်ရှိသည့် ကြက်သွန်နီသည် တောင်သူများနှင့် ကုန်သည်များသိုလှောင်ထားသည့် လက်ကျန်များမှဖြစ်ကြောင်း၊ တောင်သူများသည် 2023-24 ခုနှစ် မိုးရာသီကြက်သွန်ထွက်ရှိမှုသည် လျော့နည်းသည့်အတွက် ဈေးကောင်းရရှိမည်ဟု မျှော်လင့်ထားသောကြောင့် ၎င်းတို့၏ကြက်သွန်နီများကို ဖြည်းဖြည်းချင်းသာရောင်းချလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီတင်ပို့မှုအပေါ် ၄၀ ရာခိုင်နှုန်းအခွန်ကောက်ခံမှုကြောင့် တင်ပို့မှုနှေးကွေးနေသော်လည်း လာမည့်ဇွန်လ ၁၇ ရက်နေ့ Eid-al-Adha အတွက် ပြည်တွင်းကြက်သွန်နီဝယ်လိုအားမှာ  အားကောင်းနေကြောင်း  Maharashtra ပြည်နယ်၊  Nashik မြို့မှ ကြက်သွန်ကုန်သည် Vikas Singh က ပြောကြားထားသည်။

ကြက်သွန်ဈေးနှုန်းတက်ရခြင်း၏ အခြားသောအဓိကအကြောင်းရင်းတစ်ခုမှာ ဗဟိုအစိုးရက ပို့ကုန်ခွန်ကိုဖယ်ရှားပေးပြီး ပြည်ပဝယ်လိုအားကြောင့် ဈေးနှုန်းမြင့်တက်လာမည်ဟု တောင်သူများနှင့် ကုန်သည်များကယူဆထားပြီး ကြက်သွန်နီအား သိုလှောင်ထားကြသောကြောင့်ဖြစ်ကြောင်း  သစ်သီးဝလံပန်းမန်ထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Ajit Shah က ပြောကြားထားသည်။

သိုဖြစ်ပါ၍ အိန္ဒိယတောင်သူများနှင့် ကုန်သည်များက ကြက်သွန်နီတင်ပို့မှုအပေါ်ကောက်ခံသည့် အခွန် ၄၀ ရာခိုင်နှုန်းအား အစိုးရမှ ဖြေလျေှာ့ပေးရန် မျှော်လင့်လျက်ရှိပါသည်။

Source: Onion prices on the boil as arrivals slow, demand picks up, The Economic Times, 11 June 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News