International News

ပင်လယ်နီအကျပ်အတည်းနှင့် ပြည်ပဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုကျဆင်း

Last Updated:

ပင်လယ်နီအကျပ်အတည်းနှင့်ပြည်ပဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် တန်ဖိုးအားဖြင့် ရူပီး ၅ ဒသမ ၃၉ ရာခိုင်နှုန်း သို့မဟုတ် ကန်ဒေါ်လာ ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၂ ရက်က ဖော်ပြသည်။

သို့သော် ၎င်းပင်လယ်စာတင်ပို့သည် အရေအတွက်အားဖြင့် ၂ ဒသမ ၆၇ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး တန်ချိန် ၁၇ ဒသမ ၈၂ သိန်း၊ ကန်ဒေါ်လာ ၇ ဒသမ ၃၈ ဘီလီယံတင်ပို့ခဲ့ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အများဆုံးတင်သွင်းပြီး၊ အေးခဲပုစွန်သည် အဓိကပို့ကုန်အမယ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း အိန္ဒိယပင်လယ်စာထုတ်ကုန်များတင်ပို့မှု ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(Marine Products Export Development Authority)က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ယူကေဈေးကွက်များ၌ ငွေကြေးဖောင်းပွလာမှုနှင့် ပင်လယ်နီရေလမ်းကြောင်းနှင့်ဆက်စပ်သောကိစ္စရပ်များကြောင့် အဓိကပို့ကုန်ဈေးကွက်များမှ ဝယ်လိုအားကို ထိခိုက်စေခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏မွေးမြူရေးရေလုပ်ငန်းကဏ္ဍမှ စုစုပေါင်းပို့ကုန်အားလုံး၏ ကန်ဒေါ်လာတန်ဖိုးအားဖြင့် ၆၂ ရာခိုင်နှုန်းနှင့် အရေအတွက်အားဖြင့် ၃၈ ရာခိုင်နှုန်းထောက်ပံ့ပေးထားကြောင်းနှင့် ငါးဖမ်းဆီးရေးကဏ္ဍမှ အရေအတွက်အားဖြင့် ၆၂ ရာခိုင်နှုန်းနှင့် ကန်ဒေါ်လာတန်ဖိုးအားဖြင့် ၃၈ ရာခိုင်နှုန်းထောက်ပံ့ပေးထားကြောင်း သိရသည်။

အေးခဲပုစွန်တင်ပို့မှုသည် ၇၁၁၀၉၉ တန်မှ ၇၁၆၀၀၄ တန်သို့ ၀ ဒသမ ၆၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့သော် ရူပီး၊ ဒေါ်လာနှင့် ယူနစ်တန်ဖိုးအရ ကျဆင်းခဲ့ကြောင်း သိရသည်။ အီကွေဒေါနိုင်ငံကဲ့သို့ အခြားသောပုစွန်တင်ပို့သည့်နိုင်ငံများမှ အဆိုပါဈေးကွက်များသို့ ပိုမိုတိုးမြှင့်တင်ပို့လာခြင်းကြောင့်လည်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် အေးခဲပုစွန် ၂၉၇၅၇၁ တန်ဖြင့် အများဆုံးတင်သွင်းပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၄၈၄၈၃ တန်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ၊ ဥရောပသမဂ္ဂမှ ၈၉၆၉၇ တန်၊ ဂျပန်နိုင်ငံမှ ၃၅၉၀၆ တန်၊ အရှေ့အလယ်ပိုင်းဒေသမှ ၂၈၅၇၁ တန်နှင့် အခြားနိုင်ငံများမှ ၆၃၅၂၁ တန်အသီးသီးတင်သွင်းခဲ့ကြောင်း သိရသည်။

ဘနာမီပုစွန်တင်ပို့မှုမှာ အရေအတွက်အားဖြင့် ၆၂၃၄၃၂ တန်မှ ၆၂၅၄၇၅ တန်သို့တိုးမြှင့်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုသို့ ၅၃ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် အများဆုံးတင်ပို့ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ အရှေ့တောင်အာရှဒေသ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့သို့ အသီးသီးတင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ပင်လယ်နီအကျပ်အတည်းကြောင့် ကုန်တင်သင်္ဘောများသည် Good Hope အငူဖက်မှ လှည့်ပတ်ကာသွားလာနေရပြီး ပုံမှန်ထက် ရက် ၂၀ ခန့်ပိုမိုကြာမြင့်လျက်ရှိကြောင်း၊တစ်ဖက်တွင် ဥရောပစစ်ပွဲ(ရုရှား-ယူကရိန်းပဋိပက္ခ) ကြောင့် ပြည်ကြီးငါးနှင့်ကင်းမွန်အဝယ်များ သိသိသာသာကျဆင်းလာမှုကြောင့် ပင်လယ်စာဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်လျက်ရှိကြောင်း Kochi အခြေစိုက် Kings Infra Ventures ၏ဥက္ကဌ Shaji Baby John က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်း အမေရိကန်ဈေးကွက်တွင် တန်ပြန်ခွန်များ(Countervailing duties -CVDs)များကျင့်သုံးဆောင်ရွက်လာမှုနှင့် အီကွေဒေါနိုင်ငံမှ ရေထွက်ကုန်များ အမေရိကန်ဈေးကွက်သို့ ပိုမိုဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယပို့ကုန်များကို နှေးကွေးသွားစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် ယခုဘဏ္ဍာနှစ်တွင် တရုတ်၊ ဗီယက်နမ်နှင့်အရှေ့အလယ်ပိုင်းဒေသတို့မှ ဈေးကွက်များ ပြန်လည်ပွင့်လင်းလာပြီး၊ ရေထွက်ကုန်များကို ပြန်လည်တင်ပို့လာရသည့်အတွက် ပုံမှန်အခြေအနေသို့ ရောက်ရှိလာလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် တန်ဖိုးအားဖြင့် ကျဆင်းနေသော်လည်း အရေအတွက်အားဖြင့် တိုးမြှင့်လာကြောင်းနှင့် အထူးသဖြင့် အေးခဲပုစွန်ကို အဓိကတင်ပို့လျက်ရှိကာ အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် အိန္ဒိယနိုင်ငံ၏ အဓိကရေထွက်ကုန်တင်ပို့သော ဈေးကွက်များဖြစ်ပြီး ပင်လယ်နီအကျပ်အတည်းနှင့် ဥရောပတွင် ဖြစ်ပွားနေသောပဋိပက္ခတို့သည် ကုန်သွယ်ရေးနှင့် ရေထွက်ကုန်ဈေးကွက်အပေါ် ရိုက်ခတ်လျက်ရှိ ပါသည်။

ရည်ညွှန်း။          The Hindu Businessline, India’s seafood exports decline due to Red Sea crisis and overseas demand slump in FY24, June 12, 2024      

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News