Local News

မတ်ပဲဈေးအနည်းငယ်ပြန်ကျ

Last Updated:

ယခင်သီတင်းပတ်အထိ တရိပ်ရိပ်တက်လာနေသော မတ်ပဲဈေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုလ ၁၃ ရက်နေ့တွင် မတ်ပဲတစ်တင်း ၁၁၂၂၀၀ ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ နောက်ရက်များတွင် ဈေးအနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း တွေ့ရသည်။ ဧရာဝတီမတ်ပဲဈေးနှုန်းများမှာ ဇွန်လ ၁၂ ရက်နေ့တွင် ၁ တင်းဈေးနှုန်း ကျပ် ၁၁၁၈၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၁၁၂၀၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၁၁၂၂၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၁၁၂၀၀၀၊ ၁၇ ရက်နေ့တွင် ကျပ် ၁၁၀၉၀၀၊ ၁၈ ရက်နေ့တွင် ကျပ် ၁၁၀၈၀၀၊ ၁၉ ရက်နေ့တွင် ကျပ် ၁၁၁၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

မတ်ပဲအဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ပဲခွဲစက်များက ဝယ်လိုအား ကျဆင်းခြင်း၊ နွေမတ်ပဲများဈေးကွက်အတွင်းအဝင်များနေခြင်း၊ မြန်မာမတ်ပဲများ ချနိုင်းဆိပ်ကမ်းသို့ ပုံမှန်အဝင်ရှိနေခြင်းတို့ကြောင့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ မတ်ပဲဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။ လာမည့်ဇူလိုင်လအတွင်း မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ တင်သွင်းမှုတက်လာနိုင်ပြီး မတ်ပဲအများအပြားတင်သွင်းထားခြင်း၊ ယခုနှစ်မုတ်သုံမိုးကောင်းနိုင်ခြင်း စသည့်အချက်များအပေါ် မူတည်၍ ဇူလိုင်လအတွင်း အဆိုပါပဲဈေးနှုန်းများကျဆင်းလာဖွယ်ရှိကြောင်း၊ ဈေးကွက်အတွင်းရှိ လက်လီဈေးနှုန်းများကိုလည်း အစိုးရ၏ စစ်ဆေးထိန်းချုပ်မှုအောက်တွင်ထားရှိရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဌာနမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။

ဇူလိူင်လအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးကျဆင်းလာနိုင်သော်လည်း ဈေးကွက်အတွင်းဝယ်လိုအားရှိနေသောကြောင့် ဈေးသိသိသာသာကျဆင်းမည်မဟုတ်ကြောင်း IPGA က ခန့်မှန်းထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် မိုးနှင့်ဆောင်းမတ်ပဲ MSP ဈေးနှုန်း သတ် မှတ်ချက်မှာ တစ်ကွမ်တယ်လျှင် Rs 7400 ဖြစ်သဖြင့် ယခင်ဘဏ္ဍာနှစ်ကထက် Rs 450 တိုးလာ ကြောင်း တွေ့ရပါသည်။

အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းမှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆ သိန်းကျော် တင်သွင်းထားပြီး တစ်နှစ်ထက်တစ်နှစ် တိုးလာနေခြင်း၊ ပြည်တွင်းပဲဈေးနှုန်းများ တည်ငြိမ်စေရေး အိန္ဒိယအစိုးရသစ်က ရက် ၁၀၀ စီမံကိန်းချမှတ်၍ သိုလှောင်မှုနှင့်ဈေးကွက်ကို ထိန်းသိမ်းရန် ဆောင်ရွက်နေသော်လည်း ယခုနှစ် မတ်ပဲ MSP ဈေးနှုန်းတိုးမြှင့် သတ်မှတ်ပေးခြင်း၊ နွေစိုက် မတ်ပဲများ ဈေးကွက်အတွင်းအဝင်ရှိသော်လည်း မြန်မာနှင့် အိန္ဒိယ နှစ်ဖက်စလုံးတွင် မတ်ပဲ ဝယ် ယူရရှိမှုနည်းပါးခြင်းတို့ကြောင့် ဈေးအလွန်အမင်းကျဆင်းခြင်းမရှိနိုင်ကြောင်း သုံးသပ်ရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News