ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၁၁ ရက်နေ့မှ ၁၂ ထိုင်းသစ်သီးများကို Live-stream ဖြင့် ရောင်းချနိုင်ရေးအတွက် လူကြိုက်များသော တရုတ် influencer Mr. Taiyuan Lao Ge ကို ဖိတ်ကြားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။
အဆိုပါပုဂ္ဂိုလ်သည် ယခင်နှစ်တွင် ၁ ရက်လျှင် ထိုင်းဒူးရင်းသီးများကို ဘတ် ၁ ဘီလီယံခန့် ရောင်းချနိုင်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရခြင်းမှာ ဒူးရင်းသီး၊ သရက်သီး၊ လေချူသီးနှင့် မင်းဂွတ်သီးအပါအဝင် ထိုင်းသစ်သီးများကို တရုတ်စားသုံးသူများထံ မြှင့်တင်ရောင်းချရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုင်းသစ်သီးပို့ကုန်များကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်ပုဂ္ဂလိကကဏ္ဍနှင့် အွန်လိုင်းပလက်ဖောင်းများနှင့်ပူးပေါင်း၍ ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များကို ကမ္ဘာ့အဆင့်ထိ မြင်တွေ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်သီးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် သစ်သီးတန်ချိန် ၉၅၀,၀၀၀ ကို ဖြန့်ဖြူးမည့်အစီအမံကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။
ဒူးရင်းသီးထွက်ရှိမှုအမြင့်ဆုံးအချိန်တွင် ပို့ကုန်လုပ်ငန်းစဉ်များလွယ်ကူစေရေး၊ စစ်ဆေးမှုအစီအမံများအဆင်ပြေချောမွေ့စေရေးနှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်စေရေးဝန်ကြီးသည် တရုတ်သံရုံးနှင့်ဆွေးနွေးထားပါကြောင်း၊ ဆွေးနွေးချက်အရ တရုတ်အစိုးရသည် အထူးအနေဖြင့် “Green Lane” သတ်မှတ်၍ အချိန်တိုးမြှင့်ဆောင်ရွက်ခြင်း၊ စစ်ဆေးမှုလျင်မြန်စေရေး အတွေ့အကြုံရှိပြီးဖြစ်သော ဝန်ထမ်းများခန့်ထားခြင်းနှင့် ရှင်းလင်းမှုပေါ်အခြေခံ၍ ချက်ချင်းလွှတ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)