International News

ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအတွက် ဒီဂျစ်တယ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဇူလိုင်လမှစ၍ အလုံးစုံအွန်လိုင်းဖြင့်သာ ဆောင်ရွက်နိုင်တော့မည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ်အစောပိုင်းစ၍ စီးပွားရေးလုပ်ငန်းများမှတ်ပုံတင်ခြင်းကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲခဲ့သည့် DBD Biz Regist ကို ဇူလိုင်လမှစ၍ အွန်လိုင်းဖြင့် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

DBD Biz Regist ပလက်ဖောင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကြေညာခဲ့ရာ ဗန်ကောက်ရှိ လုပ်ငန်းသစ် ၅၃.၇ ရာခိုင်နှုန်းသည် အွန်လိုင်းဖြင့်မှတ်ပုံတင်ခဲ့ပြီး ၄၆.၃ ရာခိုင်နှုန်းသည် မြေပြင်ဝန်ဆောင်မှုရယူခဲ့ပါကြောင်း၊ DBD Biz Regist မှပေးသော အဆင်ပြေမှုနှင့်အလွယ်တကူဝင်ရောက်နိုင်မှုကြောင့် အသုံးပြုသူများသည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အွန်လိုင်းမှ လျှောက်လွှာတင်သွင်းနိုင် ကြောင်း၊ အသုံးပြုသူများသည် ၎င်းတို့၏ကြိုက်နှစ်သက်ရာ မှတ်ပုံတင်သည့်ရက်စွဲကိုလည်း ရွေးချယ်နိုင်ကြောင်း၊ အွန်လိုင်းစနစ်သည် စောစီးစွာလာရောက်တန်းစီခြင်း သို့မဟုတ် ညတိုင်စောင့်ဆိုင်းရခြင်းတို့ကို အဆုံးသတ်စေပါကြောင်း၊ တန်းစီနံပါတ်မရှိဘဲ မြေပြင်သို့ လာရောက်သည့် ပြည်သူများအတွက်လည်း ဦးစီးဌာနက ကူညီဆောင်ရွက်ပေးပါကြောင်း ဦးစီဌာနညွှန်ကြားရေးမှူးချုပ် Mrs. Auramon Supthaweethum က ပြောကြားခဲ့သည်။

လုပ်ငန်းမှတ်ပုံတင်လိုသူများသည် စာရွက်စာတမ်းပြည့်စုံပါက ဝန်ထမ်းများထံမှ အကူအညီရယူနိုင်ပြီး ကွန်ပျူတာကိုအသုံးပြု၍ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို လျင်မြန်စွာဆောင်ရွက်နိုင်ပါကြောင်း၊ ဦးစီးဌာနသည် အသုံးပြုသူများကို ကာကွယ်ရန်နှင့် အချက်အလက်များကို လုံခြုံစေရန် အထောက်အထားစိစစ်ခြင်းနည်းလမ်း များကို အသုံးပြုပါကြောင်း၊ အသုံးပြုသူများသည် DBD e-service အတွက် ၎င်းတို့၏အထောက်အထားကို စိစစ်ရန် ID ကတ်၏ ကျောဖက်ရှိနံပါတ်များကိုပေးခြင်း သို့မဟုတ် ပြည်နယ်အဆင့်အုပ်ချုပ်ရေးဦးစီးဌာနမှ THAID application မှတစ်ဆင့် ၎င်းတို့၏ ID များကို စိစစ်ခြင်းတို့ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းအနေဖြင့် သတ်မှတ်ထားသောစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနရုံးများတွင် လူကိုယ်တိုင်ဆောင်ရွက်နိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

အသုံးပြုသူများသည် မှတ်ပုံတင်မှုတစ်ကြိမ်ဆောင်ရွက်ပြီးပါက လုံခြုံစိတ်ချရသော အီလက်ထရောနစ်လက်မှတ်အတွက် Username နှင့် Password ရရှိမည်ဖြစ်ရာ ID ကတ်အသေးစိတ်ပေးရန် မလိုအပ်ပါကြောင်း၊ အပြောင်းအလဲကာလတွင် ချိန်ညှိမှုအချို့လိုအပ်လျက်ရှိပြီး ယခုကဲ့သို့မိတ်ဆက်မှုမှတစ်ဆင့် ဝန်ဆောင်မှုအရည် အသွေးမြှင့်တင်ရန်၊ ခရီးသွားကုန်ကျစရိတ်လျှော့ချရန်နှင့် စွမ်းဆောင်ရည် အားလုံးမြှင့်တင်ရန်ဖြစ်ကြောင်း Mrs. Auramon က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News