International News

အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ လယ်ယာစိုက်ပျိုးရေးပို့ကုန်များတင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၈ ဘီလီယံ (၃ ရာခိုင်နှုန်း) သို့ ကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် သယ်ယူပို့ဆောင်စရိတ်များအပေါ် သက်ရောက်စေသည့် ပင်လယ်နီဒေသအကြပ်အတည်း၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းဈေးနှုန်းကျဆင်းမှုနှင့် ဆန်တင်ပို့မှုပိတ်ပင်ခဲ့ခြင်း စသည့်အကြောင်းအရင်းအမျိုးမျိုးကြောင့် ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ လယ်ယာစိုက်ပျိုးရေးပို့ကုန်များတင်ပို့မှု(ယခင်နှစ်ကထက်) အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၈ ဘီလီယံ(၃ ရာခိုင်နှုန်း)သို့ ကျဆင်းခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

ယင်းသို့လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ၏ အလုံးစုံတင်ပို့မှုကျဆင်းခဲ့ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ မေလအထိကာလအတွင်း ကန့်သတ်ထိန်းချုပ်မှုမရှိသောအမယ်များတင်ပို့မှု အများအားဖြင့် တိုးမြှင့်ခဲ့ကာ ကန့်သတ်ထိန်းချုပ်ထားသောအမယ်များ တင်ပို့မှုကျဆင်းခဲ့ခြင်းကြောင့် အဓိကဖြစ်ကြောင်း Apeda မှ ထုတ်ကုန်များတင်ပို့မှု လေ့လာဆန်းစစ်ချက်တစ်ရပ်က ဖော်ပြသည်။

၂၀၂၄ ခုနှစ် ဧပြီလမှ မေလအထိကာလအတွင်း ကန့်သတ်ထိန်းချုပ်ထားခြင်းမရှိသော လယ်ယာစိုက်ပျိုးရေးထုတ်ကုန်အုပ်စု ၂၃ ခု၏တင်ပို့မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ(၃ ရာခိုင်နှုန်း)သို့ တိုးတက်ခဲ့ကြောင်း Apeda မှ ဝေမျှထားသည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

၎င်းတို့တွင် ဘာစမာတီဆန်၊ အမဲသား၊ သိုးသားနှင့် ဆိတ်သား၊ ငါး၊ ပြုပြင်ထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီး၊ ပဲမျိုးစုံ၊ နို့ထွက်ထုတ်ကုန်များ၊ အယ်လ်ကိုဟောပါဝင်သော အဖျော်ယမကာများ၊ ကြက်မွေးမြူရေးထုတ်ကုန်များနှင့် ပန်းများ ပါဝင်သည်။

၂၀၂၄ ခုနှစ် ဧပြီလမှ မေလအထိ ဘာစမာတီမဟုတ်သောဆန်၊ ဂျုံနှင့် ကြိတ်ခွဲထားသော ထုတ်ကုန်များပါဝင်သော ထိန်းချုပ်ထားသည့် အုပ်စုသုံးခုသည် ပို့ကုန်အမေရိကန်ဒေါ်လာ ၉၅၄ သန်း (၁၂ ရာခိုင်နှုန်း)သို့ ကျဆင်းခဲ့သည်။

ယခုဘဏ္ဍာနှစ်၏ ပထမနှစ်လအတွင်း ဘာစမာတီဆန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံ(၁၃ ရာခိုင်နှုန်း)သို့ တိုးတက်ခဲ့ကာ ဘာစမာတီမဟုတ်သောဆန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၉၁၈ ဒသမ ၈၃ သန်း(၁၃ ရာခိုင်နှုန်း)သို့ ကျဆင်းခဲ့သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် အဓိကဈေးကွက်များရှိ အကောက်ခွန်မဟုတ်သော အတားအဆီးများကို သိရှိနိုင်ရန်ကိုလည်းဆောင်ရွက်လျက်ရှိပြီး၊ ၎င်းတို့ကို စနစ်တကျကိုင်တွယ်ဆောင်ရွက်နိုင်ရန် ပေါ်တယ်တစ်ခုတွင် ထည့်သွင်းလျက်ရှိသည်။

“ပို့ကုန်လုပ်ငန်းရှင်များရင်ဆိုင်ရသော NTB များကို မှတ်ပုံတင်ရန်နှင့် ဖြေရှင်းရန် လွှင့်တင်သွားမည့် ၎င်းပေါ်တယ်သည် အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်ဆောင်ရွက်ထားရှိမှုအားလုံးကို စောင့်ကြည့်ရန်လည်း ကျွန်တော်တို့ကို အကူအညီပေးပါလိမ့်မယ်။လာမည့် ၂ လ ၃ လအတွင်း လွှင့်တင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။” ဟု ကုန်သွယ်ရေးဌာန အတွင်းဝန် Rajesh Agarwal က ယခုလ (၁၉) ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Agrawal ဥက္ကဌအဖြစ် ဆောင်ရွက်သော အထူးလုပ်ငန်းအဖွဲ့ကလည်း NTB များအတွက် ဖြေရှင်းနိုင်ရေးမဟာ ဗျူဟာကို စူးစမ်းရှာဖွေလျက်ရှိသည်။

NTB များနှင့် အများဆုံးရင်ဆိုင်ရသော အိန္ဒိယနိုင်ငံမှတင်ပို့သော အမယ်များတွင် ဥရောပသမဂ္ဂသို့ တင်ပို့သော ငြုပ်သီး၊ လက်ဖက်ခြောက်၊ ဘာစမာတီဆန်၊ နို့၊ ကြက်သားနှင့် ကြက်ဥ၊ အသား၊ ငါးနှင့် ဓါတုဗေဒထုတ်ကုန်များ၊ ဂျပန်နိုင်ငံသို့တင်ပို့သော နှမ်း၊ black tiger ပုစွန်၊ ဆေးဝါး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့သော အသား၊ ငါး၊ နို့ထွက်ပစ္စည်းနှင့် စက်မှုထုတ်ကုန်၊ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သော ပုစွန်နှင့် ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့သော အသားတို့ပါဝင်သည်။

နိုင်ငံအမျိုးမျိုးသည် အကောက်ခွန်မဟုတ်သောသတ်မှတ်ချက်များ(Non-tariff measures- NTMs)များကို လူသား၊ တိရိစ္ဆာန် သို့မဟုတ် အပင်ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန် အများဆုံးအသုံးပြုလေ့ရှိကြသည်။

၎င်းတို့သည် စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းများ၊ စစ်ဆေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောမတင်မီစစ်ဆေးခြင်း စသည့်နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ သို့မဟုတ် အရေအတွက်ကန့်သတ်ခြင်း(ကိုတာစနစ်)၊ သွင်းကုန်လိုင်စင်၊ ထောက်ပံ့ကြေးများနှင့် အစိုးရမှ ဝယ်ယူမှုကို ကန့်သတ်ထိန်းချုပ်ခြင်း စသည့်နည်းပညာမဟုတ်သော သတ်မှတ်ချက်များဖြစ်ကြောင်း သိရသည်။

သို့ပါ၍ ၂၀၂၄ ခုနှစ် ဧပြီလမှဇွန်လအထိ အိန္ဒိယနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးပို့ကုန်များတင်ပို့မှု(ယခင်နှစ်ကထက်) အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၈ ဘီလီယံ(၃ ရာခိုင်နှုန်း)သို့ကျဆင်းခဲ့ပြီး အိန္ဒိယပို့ကုန်များရင်ဆိုင်နေရသော အကောက်ခွန်မဟုတ်သောသတ်မှတ်ချက်များ(NTM)များကို မှတ်ပုံတင်ရန်၊ စောင့်ကြည့်ထိန်းချုပ်ရန်နှင့် လိုအပ်သလို ဖြေရှင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန် အွန်လိုင်းပေါ်တယ်တစ်ခု လွှင့်တင်သွားမည်ဖြစ်ပါသည်။

ရည်ညွှန်း။          The Hindu Businessline, Agri exports in April-June decline 3% to $5.88 bn, July 19, 2024     

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News