အမေရိကန်စိုက်ပျိုးရေးကဏ္ဍကို ကာကွယ်ရန်နှင့် မျှတမှုပြန်လည်ရရှိရန်ရည်ရွယ် ၍ ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံက မက္ကဆီကိုနိုင်ငံမှတင်သွင်းသည့် လတ်ဆတ်ခရမ်းချဉ်သီးများအပေါ် သွင်းကုန်ခွန်(၁၇.၀၉)ရာခိုင်နှုန်းကောက်ခံရန် ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် တိုးတက်မှုများရှိလာကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပြီး ယင်းသို့ထုတ်ပြန်ရာတွင် အမေရိကန်နိုင်ငံ၏ ပြည်နယ်အသီးသီးမှ စိုက်ပျိုးထုတ်လုပ်သူနှင့် စားသူသုံးများက အောက်ပါအတိုင်းပြောကြားခဲ့ကြကြောင်း ဖော်ပြထားပါသည် -
(က) သွင်းကုန်ခွန်ချမှတ်ပြီးနောက် ခရမ်းချဉ်သီးစိုက်ပျိုးသည့် စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသူများထံမှ ဆက်သွယ်မှုများရရှိခဲ့ကြောင်း၊ ခရမ်းချဉ်သီးများကို ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ရောင်းချသွားမည်ဖြစ်ကြောင်း၊
(ခ) ကုန်စုံဆိုင်များတွင် မက္ကဆီကိုနှင့်အခြားနိုင်ငံများမှတင်သွင်းသည့် ခရမ်းချဉ်သီးများအစား ယခုအခါ ပြည်တွင်း၌စိုက်ပျိုးသည့်ခရမ်းချဉ်သီးများကို မြင်တွေ့ရတော့မည်ဖြစ်ကြောင်း၊
(ဂ) မက္ကဆီကိုနိုင်ငံအပေါ် သွင်းကုန်ခွန်(၅၀)ရာခိုင်နှုန်းချမှတ်သော်လည်း မက္ကဆီကိုနိုင်ငံ ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူခြင်းမပြုသည့် စားသုံးသူများအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း၊
(ဃ) ခရမ်းချဉ်သီးသွင်းကုန်ခွန်သည် လူထုနှင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် Win-Win အခြေအနေဖြစ်ကြောင်း၊ သွင်းကုန်များအပေါ် အခွန်ကောက်ခံခြင်းကြောင့် ပြည်တွင်းထုတ်ကုန်များအတွက် အားလုံးပါဝင်နိုင်သည့် ဝန်းကျင်တစ်ရပ်ဖြစ်စေရန် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊
(င) စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ဈေးမြှင့်ရောင်းချမည်မဟုတ်ဘဲ ယခင်အတိုင်း ခရမ်းချဉ်သီးတစ်ပေါင်လျှင် (၁.၅)ဒေါ်လာဖြင့် ရောင်းချမည်ဖြစ် ကြောင်း၊ သွင်းကုန်ခွန်သည် ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်စေသည်ဟုမယူဆကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြပါကြောင်း။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မက္ကဆီကိုနိုင်ငံမှ လတ်ဆတ်ခရမ်းချဉ်သီးများကို သွင်းကုန်ခွန်(၁၇.၀၉)ရာခိုင်နှုန်းကောက်ခံရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် ချမှတ်ခဲ့ပြီး အမေရိကန်တောင်ပိုင်းအိမ်နီးချင်းနိုင်ငံနှင့် သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပါသည်။ ယင်းသို့ ခရမ်းချဉ်သီးသွင်းကုန်အပေါ် သွင်းကုန်ခွန်ကောက်ခံမည့်အမိန့်သည် မက္ကဆီကိုနိုင်ငံမှသွင်းကုန်များအပေါ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည့် သွင်းကုန်ခွန်(၃၀)ရာခိုင်နှုန်းနှင့် သီးခြားစီချမှတ်ခြင်းဖြစ်ကြောင်း၊မက္ကဆီကိုနိုင်ငံ၏ ခရမ်းချဉ်သီးသွင်းကုန်ခွန်ချမှတ်ခဲ့ခြင်းသည် သမ္မတထရမ့်၏ကုန်သွယ်ရေးမူဝါဒနှင့်အညီချမှတ်ခြင်းဖြစ်ကြောင်း၊ ခရမ်းချဉ်သီးကဲ့သို့သောစိုက်ပျိုးရေးသွင်းကုန်များကို လျော့နည်းသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိခြင်းကြောင့် အမေရိကန်စိုက်ပျိုးထုတ်လုပ်သူများသည် မျှတမှုမရှိသည့် ကုန်သွယ်ရေးအလေ့အကျင့်များနှင့်ကြုံတွေ့ရလျက်ရှိကာ အချိန်ကြာမြင့်စွာထိခိုက်ခံစားရလျက်ရှိသည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Howard Lutnick က ထုတ်ပြန်ခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံ၌ ရောင်းချလျက်ရှိသည့် ခရမ်း ချဉ်သီး(၇၀)ရာခိုင်နှုန်းကို မက္ကဆီနိုင်ငံမှတင်သွင်းပြီး တစ်နှစ်လျှင် ခရမ်းချဉ်သီးသွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၃)ဘီလီယံအထိရှိကြောင်း၊ မက္ကဆီကိုနိုင်ငံမှ ခရမ်းချဉ်သီးများကို အမေရိကန်နိုင်ငံ၌ မျှတမှုမရှိဘဲ ဈေးနှုန်းလျှော့ချ၍ တရားမဝင် ရောင်းချလျက်ရှိသဖြင့် အမေရိကန်စိုက်ပျိုးထုတ်လုပ်သူများအပေါ် ထိခိုက်မှုဖြစ်စေသည်ဟုစွပ်စွဲလျက် နှစ်နိုင်ငံအကြား နှစ်(၃၀)ခန့်နီးပါး အငြင်းပွားလျက်ရှိခဲ့ကြောင်း၊၂၀၁၉ ခုနှစ် သမ္မတဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် မက္ကဆီကိုနိုင်ငံမှ ခရမ်းချဉ်သီးများအပေါ် စုပုံခွန်(Dumping Duties)ကောက်ခံမည့် အစား အနိမ့်ဆုံးဈေးသတ်မှတ်ရန် သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ အဆိုပါသဘော တူညီချက်သည် အမေရိကန်ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်သူများကို မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့် ဈေးနှုန်းလျှော့နည်းသည့်သွင်းကုန်များနှင့် မျှတမှုမရှိသောယှဉ်ပြိုင်မှုများမှ ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် ယင်းသဘောတူညီချက်မှ ရက် (၉၀)အတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ၂၀၂၅ ခုနှစ်၊ ဧပြီလတွင်ထုတ်ပြန်ခဲ့ပါကြောင်းနှင့် ယင်းသို့ထုတ်ပြန်ခဲ့ပြီးနောက် (၃)လခန့်အကြာ မက္ကဆီကိုနိုင်ငံမှ ခရမ်းချဉ်းသီးအပေါ် သွင်းကုန်ခွန်ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: The White House
https://www.whitehouse.gov/articles/2025/07/a-big-difference-trump-administrations-tomato-tariffs-already-a-game-changer-for-american-farmers/
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)