International News

ရုရှားနှင့် တရုတ်အကြား နိုင်ငံတော်သုံးငွေကြေးများဖြင့် ငွေပေးချေမှုဝေစုသည် ၉၀ ရာခိုင်နှုန်းကျော်ရှိ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား နိုင်ငံတော်သုံးငွေကြေးများဖြစ်သည့် ယွမ်နှင့်ရူဘယ် များဖြင့် ငွေပေးချေမှုဝေစုသည် ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း မော်စကို၌ ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် ရုရှား-တရုတ်ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲတွင် ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလတွင် မော်စကိုစတော့အိတ်ချိန်း၌ တရုတ်အမျိုးသားသုံးယွမ်ငွေ၏ဝေစုသည် ၅၄ ရာခိုင်နှုန်းရှိပြီး ယွမ်သည် ငွေလဲလှယ်ရောင်းဝယ်ရေးတွင် အဓိကငွေကြေးဖြစ်လာခဲ့ကြောင်း၊ ရုရှားသည် ကုန်သွယ်ရေးစီးဆင်းမှုများကို အရှေ့ဘက်သို့ဦးတည်စေပြီး ငွေပေးချေမှုငွေကြေးကို ရူဘယ်၊ ယွမ်နှင့် မိတ်ဆွေနိုင်ငံများ၏အခြားငွေကြေးများသို့ ပြောင်းလဲခဲ့ကြောင်း ရုရှားဗဟိုဘဏ်က ပြောကြားခဲ့သည်။

တရုတ်နှင့်ရုရှားကြား ကုန်သွယ်မှုပမာဏမှာ တိုးတက်လျက်ရှိပြီး ရုရှားသည် တရုတ်သို့ ရေနံစိမ်း၊သဘာဝဓာတ်ငွေ့၊ သစ်နှင့် ပိုတက်ရှ်ဓာတ်မြေသြဇာများ အများဆုံးတင်သွင်းသူဖြစ်လာခဲ့ကြောင်း၊ တရုတ်နှင့် ဥရောပအာရှစီးပွားရေး သမဂ္ဂ(EAEU)အကြား ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြေလျှော့မှုနှင့် ရိုးရှင်းလွယ်ကူမှုဆိုင်ရာ ကိစ္စရပ်များကိုလေ့လာပြီးစီးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများကာကွယ်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာသဘောတူညီချက် အဆင့်မြှင့်တင် ရေးညှိနှိုင်းမှုများတွင် အပြုသဘောဆောင်သောတိုးတက်မှုများရရှိခဲ့ကြောင်း ရုရှား-တရုတ်ကော်မရှင်အစည်း အဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. He Lifeng က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ ထုတ်ပြန်ခဲ့သောအချက်အလက်များအရ တရုတ်သို့ ရုရှားရေနံစိမ်းတင်သွင်းမှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ချိန် ၆၂.၅၇ သန်းအထိရှိကာ တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇.၃၄ ဘီလီယံအထိရှိကြောင်း၊ ဇူလိုင်လတွင် တရုတ်နိုင်ငံသည် ရုရှားရေနံစိမ်းတန်ချိန် ၇.၄၅ သန်းကို ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

Source :        https://www.rbc.ru/rbcfreenews/66c2eb979a79476d04eec4d6

https://ria.ru/20240820/kitaj-1967249762.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News