International News

ရုရှားဓာတ်မြေသြဇာများတင်သွင်းမှု အီးယူတိုးမြှင့်ခဲ့

Last Updated:

ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာများကို သုံးလကြာဝယ်ယူမှုကျဆင်းပြီးနောက် ဥရောပသမဂ္ဂ(EU)သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၎င်းတို့၏ တင်သွင်းမှုကို ၁၅ ရာခိုင်နှုန်းတိုးမြှင့်ခဲ့သည်။

အီးယူသည် မတ်လမှ မေလအထိ ရုရှားမှ ဓာတ်မြေသြဇာများဝယ်ယူမှုကိုလျှော့ချခဲ့ပြီး ဇွန်လတွင် လစဉ်ဝယ်ယူမှုထက် ၁၅ ရာခိုင်နှုန်းတိုးလာကာ တန်ချိန်အားဖြင့် ၂၃၉,၀၀၀ တန်မှ ၂၇၅,၀၀၀ တန်အထိတိုးမြှင့်ခဲ့သည်။ တန်ဖိုးအားဖြင့် ဓာတ်မြေသြဇာများတင်သွင်းမှုသည် ယူရို ၉၀.၁ သန်းအထိ တိုးလာခဲ့သည်။

ရုရှားဓာတ်မြေသြဇာများကို အဓိကဝယ်ယူသူမှာ ပိုလန်နိုင်ငံဖြစ်ပြီး တင်သွင်းမှုသည် ၁၄.၂ ရာခိုင်နှုန်းတိုးလာခဲ့ကာ တန်ချိန် ၈၂,၂ဝဝ အထိရှိခဲ့သည်။ ဒုတိယအများဆုံးတင်သွင်းသူမှာ ဂျာမနီနိုင်ငံဖြစ်ပြီး တစ်လအတွင်း ၄.၁ ဆတိုးလာခဲ့ကာ တန်ချိန် ၅၅,၉၀၀ အထိရှိခဲ့သည်။ဘယ်လ်ဂျီယံနိုင်ငံသည် တတိယအများဆုံးတင်သွင်းသူဖြစ်ပြီး တန်ချိန် ၃၃,၂ဝဝ အထိရှိခဲ့သည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အီးယူသည် ရုရှားမှ ဓာတ်မြေသြဇာများကို ယူရို ၇၃၉.၇ သန်းဖိုးတင်သွင်းခဲ့ပြီး ယင်းသည် ယခင်နှစ်အလားတူကာလထက် လေးပုံတစ်ပုံပိုများခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာအရ ရုရှားဓာတ်မြေသြဇာဝယ်ယူမှုသည် ၁.၅ ဆတိုးလာပြီး တန်ချိန်အားဖြင့် ၂.၂ သန်းအထိရှိခဲ့သည်။

ရုရှားနိုင်ငံမှ ဓာတ်သတ္တုမြေသြဇာများတင်သွင်းမှုတိုးလာရခြင်းအကြောင်းအရင်းနှစ်ခုရှိနိုင်ပြီး ပထမတစ်ခုမှာ အီးယူနိုင်ငံများရှိ ဓာတုစက်ရုံများသည် ဇွန်လတွင် ပြန်လည်ပြုပြင်ရန်ရပ်ဆိုင်းခဲ့ခြင်းနှင့် ဒုတိယတစ်ခုမှာ ရုရှားဓာတုပစ္စည်းများ၏ဈေးနှုန်းများသည် ဥရောပထုတ်ကုန်များနှင့်နှိုင်းယှဉ်ပါက ပိုမိုဆွဲဆောင်မှုရှိခြင်းတို့ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။

Source :        https://ria.ru/20240819/evrosoyuz-1967182132.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News