International News

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၅ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းသာရှိမည်ဟု OECD လျှော့ချခန့်မှန်း

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၅ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းသာရှိမည်ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း (Organization for Economic Cooperation and Development- OECD) က ၁၇-၃-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။အဆိုပါနှုန်းထားသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက  OECD က ခန့်မှန်းထားခဲ့သည့် တိုးတက်မှုနှုန်းဖြစ်သည့် ၂.၁ ရာခိုင်နှုန်းထက် ၀.၆ ရာခိုင်နှုန်းလျော့နည်းလာခဲ့သည့်အပြင် G 20 နိုင်ငံများအကြား အနိမ့်ဆုံးတိုးတက်မှုနှုန်းထားဖြစ်လာပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကိုသာမက ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းသည်လည်း ၂၀၂၅ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းသာရှိလိမ့်မည်ဟု OECD က လျှော့ချခန့်မှန်းခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ခန့်မှန်းနှုန်းထားမှာ ၃.၃ ရာခိုင်နှုန်းဖြစ်ပါသည်။

တိုးမြင့်လာသော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများနှင့် ပထဝီနိုင်ငံရေးဆိုင်ရာအန္တရာယ်များသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် ဖိအားဖြစ်စေပါကြောင်း ရေးသားဖော်ပြထားသည့်   “Steering through Uncertainty(မသေချာမရေရာမှုများကို ထိန်းချုပ်ကိုင်တွယ်မောင်းနှင်ခြင်း)” ခေါင်းစဉ်ပါ အစီရင်ခံစာတွင် ရင်းနှီး မြှုပ်နှံမှုများကျဆင်းခြင်းနှင့် အိမ်ထောင်စုများ၏သုံးစွဲမှုများလျော့နည်းလာနိုင်သည့် စိန်ခေါ်မှုများကြုံတွေ့ရမည်ဖြစ်ကြောင်း သတိပေးဖော်ပြထားပါသည်။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းသည်လည်း ၂၀၂၅ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းရှိနေရာမှ ၂၀၂၆ ခုနှစ်တွင် ၃ ရာခိုင်နှုန်းသာရှိမည်ဟု OECD က ခန့်မှန်းထားပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုအပေါ်အဓိကအားထားနေရသည့်ကနေဒါ နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့သည် ထိခိုက်မှုအများဆုံးကြုံတွေ့ရနိုင်သည့်အတွက် ၎င်းနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းထားကို OECD ကပြောင်းလဲခန့်မှန်းထားပါသည်။ ကနေဒါနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၀.၇ ရာခိုင်နှုန်း(ယခင်ခန့်မှန်းနှုန်းထားမှာ ၂ ရာခိုင်နှုန်းဖြစ်ပါသည်)သာရှိမည်ဖြစ်ပြီး မက္ကဆီကိုနိုင်ငံ၏ စီးပွားရေးသည် ၁.၃  ရာခိုင်နှုန်းကျုံ့သွားမည်(ယခင်က စီးပွားရေးတိုးတက်မှုနှုန်းထားကို ၁.၂ ရာခိုင်နှုန်းရှိလိမ့်မည်ဟုခန့်မှန်းထားခဲ့ပါသည်)ဟု ပြောင်းလဲခန့်မှန်းလာပါသည်။ အလားတူပင် ပို့ကုန်ကိုမှီခိုအားထားနေရသည့် တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးကိုလည်း ယခင်ခန့်မှန်းထားသည်ထက် ၀.၆ ရာခိုင်နှုန်းလျှော့ချခန့်မှန်းခြင်းဖြစ်ပါသည်။ OECD ၏ခန့်မှန်းချက်သည် တောင်ကိုရီးယားဗဟိုဘဏ်က ထုတ်ပြန်ထားသည့်ခန့်မှန်းချက်နှင့် ထပ်တူကျလျက်ရှိပါသည်။

Source: The Korea herald 

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News