International News

ဆန်ဝယ်လိုအားမြင့်တက်လာသောကြောင့် ဗီယက်နမ်ဆန်တင်ပို့မှု ထပ်မံတိုးလာရန်မျှော်လင့်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၂ လ အတွင်း ဆန်တန်ချိန် ၁ သန်းကျော်တင်ပို့ခဲ့ပြီး ဝယ်လိုအားမြင့်မားနေသောကြောင့် ဆန်ဈေးကွက် ပြန်ကောင်းလာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ဗီယက်နမ်စားနပ်ရိက္ခာအသင်း(VFA)၏ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Do Ha Nam က ယခုနှစ် ပထမ ၂ လတွင် ဗီယက်နမ်ဆန် ၁ သန်းကျော်တင်ပို့ခဲ့ပြီး ဝယ်လိုအားဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိနွေစပါးရိတ်သိမ်းချိန်သည့် အရည်အသွေးအကောင်းဆုံးဆန်များကို ထုတ်ပေးလျက်ရှိရာ တင်သွင်းလိုသူများအတွက် ဝယ်ယူရန်အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊မကြာမီတွင် စပါးရိတ်သိမ်းမှုပြီးဆုံးသွားမည်ဖြစ်ကာ ဆန်အလုံအလောက်ရရှိရန်ပိုမိုခက်ခဲလာနိုင်သောကြောင့် သိသိသာသာ သွင်းကုန်လိုအပ်ချက်ရှိသောနိုင်ငံများသည် မကြာမီ ကုန်သွယ်မှုပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။

SSricenews ကို ပူးတွဲတည်ထောင်သူ V. Subramanian က ဟိုချီမင်းမြို့တွင်ပြုလုပ်သည့် ညီလာခံတွင် မလေးရှား၊ တရုတ်နှင့် အာဖရိကတို့မှ ဝယ်လိုအားမြင့်တက်လာကြောင်းနှင့် လာမည့်လအနည်းငယ်အတွင်း ဆန်ကုန်သွယ်မှုအားကောင်းလာနိုင်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး H.E Do Duc Duy က လက်ရှိဈေးကွက်အခြေအနေသည် ဆန်အပါအဝင် ကုန်ပစ္စည်းများအတွက် ပုံမှန်အတက်အကျရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

အစိုးရအနေဖြင့် ပြည်တွင်းပြည်ပဝယ်လိုအား တည်ငြိမ်စေရန်နှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး မူဝါဒများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

ဗီယက်နမ်ဆန်စပါးလုပ်ငန်းသည် ယခုနှစ်အတွင်း ပို့ကုန်တန်ချိန် ၇.၈ သန်းတင်ပို့နိုင်ရန် ရည်မှန်းထားရှိပြီး စီးပွားရေးလုပ်ငန်းများနှင့် တောင်သူများအတွက် ခိုင်မာသောအမြတ်အစွန်းရရှိစေရန် အရည်အသွေးမြင့်ကဏ္ဍတွင် ယှဉ်ပြိုင်ဈေးနှုန်းသတ်မှတ်မှုအပေါ် အာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရည်မှန်းချက်များ အောင်မြင်စေရန် Mr. Duy မှ စီးပွားရေးလုပ်ငန်းများကို ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆက်လက်တိုးချဲ့ဆောင်ရွက်ရန်နှင့် သမားရိုးကျဈေးကွက်များနှင့်အတူ အမေရိကန်၊ EU ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကကဲ့သို့ အလားအလာမြင့်မားသော ဈေးကွက်သစ်များသို့ ဝင်ရောက်ရန်အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။

ထို့အပြင် ဆန်စပါးတင်သွင်းမှုလုပ်ငန်းရှင်များအား ဆန်စပါးတင်ပို့မှုစည်းမျဉ်းစည်းကမ်းများ လိုက်နာရန်နှင့် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် ပြောကြားခဲ့ပြီး ဝယ်ယူသူများ၊တောင်သူလယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုအားကောင်းခြင်းသည် ထုတ်လုပ်မှုကွင်းဆက်ကို မြှင့်တင်ရန်နှင့် ဈေးကွက်တည်ငြိမ်မှုရှိစေရန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သိုလှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အဦ၊ရင်းနှီးမြှုပ်နှံရန်အတွေ့အကြုံရှိ စီးပွားရေးလုပ်ငန်းရှင်များအား ဝန်ကြီးက တိုက်တွန်း ထားပြီး ဈေးကွက်ပြုပြင်ပြောင်းလဲမှုများအတွင်း ယာယီဆန်ဝယ်ယူမှုတိုးမြင့်ခြင်းသည် ပို့ကုန်အတွက် တည်ငြိမ်သောထောက်ပံ့မှုရရှိစေသကဲ့သို့ အမြတ်အစွန်းများလည်း ရရှိစေကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီး Duy က ဆန်ထုတ်လုပ်မှုနှင့် ပို့ကုန်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန် ကျွမ်းကျင်မှုများမျှဝေရန်နှင့် ဝယ်လိုအားထိရောက်စွာဖြည့်ဆည်းပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။တည်ငြိမ်ပြီး ပရော်ဖက်ရှင်နယ်ဈေးကွက်ရရှိရေးအတွက် ဝန်ကြီးဌာနက အစိုးရနှင့် သက်ဆိုင်ရာ ဌာနများအား မူဝါဒများချမှတ်ဆောင်ရွက်သွားရန်အကြံပြုထားပြီး စည်းမျဉ်းစည်းကမ်းလိုက်နာသော စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကာ မက်လုံးများပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အိန္ဒိယရှိ ဗီယက်နမ်နိုင်ငံဆိုင်ရာ ကုန်သွယ်ရေးသံမှူး Mr. Bui Trung Thuong က ဆန်ဈေး တစ်တန်လျှင်အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၃၉၀ မှ ၄၂၀ အကြား ကျဆင်းခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။

ယခင်နှစ် ကမ္ဘာ့ဆန်ထုတ်လုပ်မှုတွင် တန်ချိန် ၁၀ သန်းတိုးလာမှု၊ အီသနောထုတ်လုပ်မှု၊ စက်မှုလုပ်ငန်းတိုးချဲ့အသုံးပြုမှုနှင့် ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးသည်ဆန်ကို အဓိကစားနပ်ရိက္ခာအဖြစ် မှီခိုနေရခြင်းအပါအဝင် အဓိကအချက်များစွာကြောင့် ကမ္ဘာ့ဆန်ဈေးတည်ငြိမ်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

Mr. Thuong က ဗီယက်နမ်ဆန်တင်ပို့သူများအား ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းစေရန်နှင့် အရောင်းလမ်းကြောင်းကို ကွဲပြားစေရန် တိုက်တွန်းခဲ့ပါသည်။ ကုမ္ပဏီများအား ကမ္ဘာ့လုံးဆိုင်ရာ နာမည်ဂုဏ်သတင်းမြှင့်တင်ရန်အတွက် အရည်အသွေးမြင့်ဆန်မျိုးများကို အာရုံစိုက်ဆောင်ရွက်ရန်အကြံပြုခဲ့ပါသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းများရေရှည်တည်ငြိမ်မှုရှိစေရန်အတွက် ပို့ကုန်ပမာဏနည်းပါးသောဒေသများတွင်ပင် ၎င်းတို့၏ဈေးကွက်ဝေစုကို ဆက်လက်ထိန်းသိမ်းကာ ပုဂ္ဂလိကကဏ္ဍတိုးချဲ့ဆောင်ရွက်ရန်နှင့် အစိုးရနှင့်သဘောတူညီချက်များအပေါ် မှီခိုအားထားမှုလျှော့ချရန် အကြံပြုထားကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Plus

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News