International News

ယူအေအီးနှင့်အီကွေဒေါနိုင်ငံများတို့မှ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်း

Last Updated:

ယူအေအီးနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှု၀န်ကြီး Dr. Thani bin Ahmed Al Zeyoudi နှင့်အီကွေဒေါနိုင်ငံ ကုန်ထုတ်လုပ်မှု၊ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ရေလုပ်ငန်းဝန်ကြီး Sonsoles Garcia တို့မှ ယူအေအီးကိုယ်စားလှယ်အဖွဲ့၏ လက်တင်အမေရိကနိုင်ငံအများအပြားသို့ သွားရောက်လည်ပတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူအေအီးနှင့်အီကွေဒေါနိုင်ငံများတို့အကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)အတွက် စေ့စပ်ညှိနှိုင်းမှုများစတင်ဆောင်ရွက်ရန်ရည်ရွယ်ပြီး နိုင်ရိုဘီမြို့တွင် ယနေ့တွင်ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ယူအေအီးနိုင်ငံသည် ကော်စတာရီကာနှင့် ကိုလံဘီယာနိုင်ငံ စသည့်လက်တင်အမေရိကနှစ်နိုင်ငံတို့နှင့် အလားတူသဘောတူစာချုပ်များကို ပြီးခဲ့သည့်သီတင်းပတ်က ပထမဆုံးလက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ရွက်မှုသည် လက်တင်အမေရိကတစ်ဝှမ်းတွင် ၎င်း၏ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတည်ရှိမှုကို နက်ရှိုင်းစေရန်အတွက် ယူအေအီးနိုင်ငံ၏ မဟာ ဗျူဟာမြောက်ရည်ရွယ်ချက်ကို အလေးထားဖော်ပြပြီး ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ရေနံမဟုတ်သောနှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာမြှင့်တင်ရန်ရည်ရွယ်ပြီး နှစ်နိုင်ငံအကြားရင်းနှီး မြှုပ်နှံမှုများ တိုးမြင့်လာစေရန် ဦးတည်ထားပါသည်။

ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကိုဖယ်ရှားကာ ကျယ်ပြန့်သောကုန်စည်နှင့်ဝန်ဆောင်မှုများကိုဖလှယ်ရာတွင် လွယ်ကူချောမွေ့စေခြင်းဖြင့် ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစလုံးအတွက် ပို့ကုန်နှင့်သွင်းကုန်များဆိုင်ရာ စီးပွားရေးအခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးပါသည်။ ထို့အပြင် ၎င်းသည် အီကွေဒေါကုမ္ပဏီများအား ယူအေအီး၏စီးပွားရေးစွမ်းပကားနှင့် ပထဝီဝင်ဆိုင်ရာအားသာချက်များကို လွှမ်းမိုးနိုင်စေပြီး အီကွေဒေါမှစတင်ကာ လက်တင်အမေရိကဈေးကွက်များသို့ ခိုင်မာသောဝင်ရောက်မှုအမှတ်ဖြင့် ယူအေအီး၏စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို ထောက်ပံ့ပေးထားကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၃ ခုနှစ်တွင် ယူအေအီးနှင့်အီကွေဒေါနိုင်ငံများအကြား ရေနံမဟုတ်သောနှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆၇၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၂ နှင့်နှိုင်းယှဉ်ပါက ၇၆ % တိုးတက်လာခဲ့ကာ ၂၀၂၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသော ကိန်းဂဏန်းများထက် သုံးဆတိုးတက်လာခဲ့ပါသည်။ ထို့အပြင် Dubai Ports World ၏ အီကွေဒေါနိုင်ငံ၏ Port of Posorja ကုန်တင်သင်္ဘောဆိပ်ကမ်းအပေါ် ကြီးမားသောရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိကာ နှစ်နိုင်ငံကြား ကြီးထွားနေသော စီးပွားရေးဆက်ဆံမှုများကို သက်သေပြခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် Dr. Al Zeyoudi မှ အီကွေဒေါနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများစတင်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုအချက်အချာအဖြစ် ယူအေအီးနိုင်ငံ၏အဆင့်အတန်းကို ခိုင်မြဲစေရန်အတွက် နိုင်ငံ၏ဆက်လက်ကြိုးပမ်းမှုများနှင့် ကိုက်ညီမှုရှိကြောင်း အလေးအနက်ပြောကြားခဲ့ပါသည်။ ဤကြိုးပမ်းအားထုတ်မှုများသည် အဓိကကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမဟာမိတ်ဖြစ်သည့် အီကွေဒေါကဲ့သို့သြဇာကြီးမားသော ကမ္ဘာ့မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေးကို တိုးချဲ့သွားရန်ရည်ရွယ်ထားပြီး နှစ်နိုင်ငံစလုံးတွင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရန် မျှဝေသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည်ဖြစ်သော အခြားသောကဏ္ဍများတွင် ယူအေအီးနှင့် အီကွေဒေါနိုင်ငံများတို့အကြား ပိုမိုနက်ရှိုင်းသော စီးပွားရေးပေါင်းစည်းမှုကို ထူထောင်ရန်အတွက် ကြီးမားသောအခွင့်အလမ်းများကို ရရှိစေမည်ဖြစ်ကြောင်း ၎င်းကအလေးထားပြောကြားခဲ့ပါသည်။

အပြန်အလှန်အားဖြင့် အီကွေဒေါနိုင်ငံမှ ဝန်ကြီး Garcia က အီကွေဒေါနှင့် ယူအေအီးနိုင်ငံများအကြား တည်တံ့ပြီးတိုးတက်ပြောင်းလဲလျက်ရှိသောကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆက်ဆံရေးများကို အလေးထားပြောကြားခဲ့ပြီး အမျိုးမျိုးသောစီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာ၌ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံနှင့် CEPA စေ့စပ်ညှိနှိုင်းမှုများကို စတင်ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံစလုံး၏ စီးပွားရေးအသိုင်းအဝိုင်း၊ ပုဂ္ဂလိကကဏ္ဍများနှင့်ရင်းနှီးမြှုပ်နှံသူများတို့၏ တက်ကြွစွာပူးပေါင်းပါဝင်ခြင်းဖြင့် စီးပွားရေးဆက်ဆံမှုတိုးချဲ့ရာတွင် အဓိကကျသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းကိုလည်း သူမက အလေးပေးပြောကြားခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြပါရှိပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News