International News

စင်ကာပူ-နယ်သာလန်အကောက်ခွန်ဌာနများအကြား Container Track and Trace Service အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ အကောက်ခွန်ဌာနများအကြား Container Track and Trace Service ကို တည်ထောင်ရန်အတွက် နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါစာချွန်လွှာကို စင်ကာပူနိုင်ငံ၊ အကောက်ခွန်ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Lim Teck Leong နှင့် နယ်သာလန်နိုင်ငံ၊ အကောက်ခွန်ဌာန၏ Chief Information Officer ဖြစ်သူ Mr. Frank Dijkstra တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

နားလည်မှုစာချွန်လွှာအရ ဆိပ်ကမ်းလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအပါအဝင်အချက်အလက်များ စုစည်းခြင်းဖြင့် Container Track and Trace Service ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကောက်ခွန်ဆိုင်ရာစီမံခန့်ခွဲမှုများ၊ စင်ကာပူဆိပ်ကမ်းနှင့် Rotterdam ဆိပ်ကမ်းတို့အကြား ကုန်သေတ္တာဖြင့် သင်္ဘောတင်ပို့ခြင်းများအတွက် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များကို ပိုမိုနီးကပ်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နှစ်နိုင်ငံအကောက် ခွန်ဌာနများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် စင်ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ PSA Corporation Ltd၊ Rotterdam ဆိပ်ကမ်း၊ Portbase တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Container Track and Trace Service သည် တင်ပို့သူနှင့် တင်သွင်းသူများအတွက် ကုန်စည်များ၏ သယ်ယူပို့ဆောင်မှုလမ်းကြောင်းနှင့် နေရာကို သိရှိနိုင်စေမည်ဖြစ်ပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း၊ ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်စေခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

“နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအကြား အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရေးအတွက် နှစ်နိုင်ငံအကောက်ခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့ပြီး မျှတ၍ လုံခြုံမှုရှိစေမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သည်များအကြား အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအားကောင်းစေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” Mr. Lim က ပြောကြားခဲ့ပါသည်။

Container Track and Trace Service ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းမှာ စင်ကာပူနိုင်ငံအတွက် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ အကောက်ခွန်ဌာနနှင့် အလားတူနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါဝန်ဆောင်မှုသည် တရုတ်နိုင်ငံ Yangshan ဆိပ်ကမ်း၊ Qinzhou ဆိပ်ကမ်းနှင့် စင်ကာပူဆိပ်ကမ်းအကြား ကုန်စည်များကို သင်္ဘောဖြင့် သယ်ယူပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးနိုင်မည်ဖြစ်ပြီး ဆက်လက်၍ တရုတ်နိုင်ငံ၏ အခြားသောဆိပ်ကမ်းများနှင့်ပါ ချိတ်ဆက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        Singapore Customs

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News