International News

အိန္ဒိယအစိုးရသည် e-commerce လုပ်ငန်းများတွင် အတုအယောင်သုံးသပ်ချက်များအတွက် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်စည်းမျဉ်းများ ချမှတ်ဆောင်ရွက်ရန် စဉ်းစားလျက်ရှိ

Last Updated:

E-commerce ကုမ္ပဏီများသည် စားသုံးသူဆိုင်ရာ အတုအယောင်ထင်မြင်သုံးသပ်ချက်(Fake reviews)များကို ဆန္ဒအလျောက် ထိထိရောက်ရောက်တားဆီးရန် ပျက်ကွက်ပြီးနောက် စားသုံးသူသုံးသပ်ချက်များအတွက် အရည်အသွေးစံနှုန်းများကို မဖြစ်မနေလိုက်နာဆောင်ရွက်ရန် အိန္ဒိယအစိုးရက စဉ်းစားနေကြောင်း ထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရက လွန်ခဲ့သည့်နှစ်ကတည်းက အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် လက်လီဆိုင်များ(e-tailers)အတွက် အရည်အသွေးစံနှုန်းအသစ်များကို ထုတ်ပြန်ခဲ့ပြီး အခပေးသုံးသပ် ချက်များ(Paid reviews)အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းဖော်ပြရန် တောင်းဆိုခဲ့သည်။

သို့သော် e-commerce လုပ်ငန်းများတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအပေါ် Fake Reviews များမှာ မြင်တွေ့နေရဆဲဖြစ်ကြောင်း၊ အွန်လိုင်းသုံးသပ်ချက်တွင် မိမိဆန္ဒအလျောက် လိုက်နာဆောင်ရွက်ရမည့်စံနှုန်းကို အကြောင်းကြားခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ အချို့သောအဖွဲ့အစည်းများက ၎င်းကို လိုက်နာသည်ဟုဆိုကြသော်လည်း Fake Reviews ကို ထုတ်ပြန်နေဆဲဖြစ်သည်ကို တွေ့ရှိရသည်ဟု စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်း ရေးမှူးဖြစ်သူ Nidhi Khare က ပြောကြားခဲ့သည်။

စားသုံးသူများ၏အကျိုးစီးပွားကို ကာကွယ်ရန် ယင်းစံနှုန်းတွေကို မဖြစ်မနေလိုက်နာဆောင်ရွက်စေလိုပါကြောင်းနှင့် ဝန်ကြီးဌာနက အဆိုကိစ္စရပ်ကို ဆွေးနွေးရန်အတွက် မေလ ၁၅ ရက်နေ့တွင် e-commerce လုပ်ငန်းများ၊ စားသုံးသူအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ အိန္ဒိယစံနှုန်းများဌာန(Bureau of Indian Standards-BIS)သည် 2022 ခုနှစ်၊ နို၀င်ဘာလတွင် "အွန်လိုင်းစားသုံးသူပြန်လည်သုံးသပ်ခြင်း(Online Consumer Review)"အတွက် စံနှုန်းသစ်ကိုရေးဆွဲထုတ်ပြန်ခဲ့ပြီး ရောင်းချသူ(သို့မဟုတ်)တတိယအဖွဲ့အစည်းများ၏ ဝန်ထမ်းများမှ ရည်ရွယ်ချက်ရှိရှိဖြင့် review ရေးသားခြင်းများကို တားမြစ်ထားကြောင်းသိရသည်။

အွန်လိုင်းမှဈေးဝယ်ယူရာတွင် ကုန်ပစ္စည်းများကို မျက်မြင်စစ်ဆေးနိုင်ခြင်းမရှိသည့်အချိန်တွင်  စားသုံးသူများသည် အွန်လိုင်းပြန်လည်သုံးသပ်ချက်များ(Online Review)များကို အလွန်အမင်းအားကိုးကြကြောင်း၊ မှားယွင်းသော သုံးသပ်ချက်များနှင့် အဆင့်သတ်မှတ်ချက်များ(Fake Reviews and Ratings)သည် စားသုံးသူများအတွက် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို မှားယွင်းစွာဝယ်ယူမျုများသို့ ဦးတည်စေနိုင်ကြောင်း၊ ယခုဆောင်ရွက်မည့် အရည်အသွေးစံချိန်စံညွှန်းများသည် လျင်မြန်စွာကြီးထွားလျက်ရှိသည့် အွန်လိုင်းလက်လီဆိုင်များအတွက်ဖြစ်ကြောင်း၊ Deloitte Touche Tohmatsu India ၏အစီရင်ခံစာအရ အိန္ဒိယနိုင်ငံသည် အဆိုပါကဏ္ဍသည် 2022 ခုနှစ်တွင် အမေရိကန် ဒေါ်လာ 70 ဘီလီယံမှ 2030 ခုနှစ်တွင် အမေရိကန်ဒေါ်လာ 325 ဘီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Source: Govt plans to make anti-fake review rules mandatory for e-commerce firms, The Economic Times, May 13, 2024

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News