International News

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံဈေးနှုန်းသည် ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိသဖြင့် အောက်တိုဘာလအထိ ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း

Last Updated:

ဝယ်လိုအား-ရောင်းလိုအားမမျှတမှုကြောင့် သီးနှံသစ်များဈေးကွက်သို့ စတင်ရောက်ရှိမည့် အောက်တိုဘာလအထိ ပဲမျိုးစုံဈေးနှုန်းများမြင့်တက်နေနိုင်ပြီး ယင်းသည် လက်ရှိမြင့်မားလျက်ရှိသော ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပိုမိုဖိအားပေးလာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။

ပဲစင်းငုံ၊ ကုလားပဲနှင့် မတ်ပဲတို့၏ဈေးနှုန်းကို ထိန်းကြောင်းနိုင်ရန် စီမံဆောင်ရွက်မှု များပြားစွာဆောင်ရွက်နေသော်လည်း ပဲဈေးနှုန်းများဆက်လက်မြင့်တက်နေခြင်းသည် အစိုးရအတွက် စိုးရိမ်စရာဖြစ်စေကြောင်း၊ ဧပြီလတွင် ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှု ၁၆.၈ ရာခိုင်နှုန်းရှိခဲ့ပြီး ပဲစင်းငုံမှာ ၃၁.၄ ရာခိုင်နှုန်း၊ ကုလားပဲ ၁၄.၆ ရာခိုင်နှုန်းနှင့်မတ်ပဲ ၁၄.၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။ အားလုံးကို ခြုံငုံကြည့်မည်ဆိုပါက စားသောက်ကုန်ဈေးနှုန်းများကြီးမြင့်မှုသည် မတ်လတွင် ၈.၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဧပြီလတွင် ၈.၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ပဲစင်းငုံအထွက်နှုန်းကျဆင်းခဲ့သဖြင့် ဈေးကွက်အတွင်း ပဲစင်းငုံလျော့နည်းနေသကဲ့သို့ သီးနှံသစ်မှာလည်း အောက်တိုဘာလမှ စတင်ထွက်ရှိလာမည်ဖြစ်သဖြင့် ဈေးနှုန်းအပေါ် ထိုးနှက်မှုတစ်ခုဖြစ်နေသည်ဟု Bank of Baroda ၏ စီးပွားရေးပညာရှင်အကြီးအကဲဖြစ်သူ Madan Sabnavis က ပြောကြားခဲ့သည်။ ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုသည် 11 လအတွင်း နှစ်ဆမြင့်တက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်၏ ဒုတိယသုံးလပတ်အကုန်အထိ သက်သာနိုင်ဖွယ်မရှိကြောင်း၊ မုတ်သုန်ရာသီဥတုအခြေအနေကောင်းမွန်ခြင်းမရှိပါက ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ ဆက်လက်ကြာရှည်စွာမြင့်တက်နေမည့် အခြေအနေတွင်ရှိကြောင်း India Ratings & Research မှ အကြီးတန်းလေ့လာသုံးသပ်သူ Paras Jasrai ကလည်း  ပြောကြားထားသည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ Suresh Agarwal က မုတ်သုန်ရာသီစတင်မည့် ဇွန်လမှဇူလိုင်လအတွင်း ပဲစင်းငုံ၊ မတ်ပဲစသည့်ပဲများကို စတင်စိုက်ပျိုးမည်ဖြစ်ပြီး မတ်ပဲကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းလည်းကောင်း၊ ပဲစင်းငုံကို ဇန်နဝါရီလတွင်လည်းကောင်း ရိတ်သိမ်းကြမည်ဖြစ်ကြောင်း၊ အချို့သောပဲများ၊ အထူးသဖြင့် ပဲတီစိမ်းကို မိုးရာသီနှင့် ဆောင်းရာသီသီးနှံချိန်အကြား နွေရာသီတွင် စိုက်ပျိုးသော်လည်း ဈေးနှုန်းအပေါ် ကြီးကြီးမားမားသက်ရောက်မှုတစ်စုံတစ်ရာဖြစ်ပေါ်နိုင်လောက်အောင် ထုတ်လုပ်နိုင်မှုမရှိ ကြောင်း ပြောကြားထားသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုမှာထုတ်လုပ်မှုထက် ကျော်လွန်နေပြီး  ယင်းလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် နိုင်ငံသည် ပဲမျိုးစုံကို ပြည်ပမှတင်သွင်းနေရ ကြောင်း၊ အိန္ဒိယ၏ ၂၀၂၂-၂၃ သီးနှံနှစ်တွင် ပဲမျိုးစုံထွက်ရှိမှုသည် တန်ချိန် ၂၆.၀၅ သန်းရှိကြောင်း၊ နှစ်စဉ် စားသုံးမှုမှာ တန်ချိန် ၂၈ သန်းခန့်ရှိကြောင်းနှင့် စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားတိုးမြင့်လာသည်နှင့်တပြိုင်နက် ပဲစားသုံးမှုမှာ တိုးတက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ၂ နှစ်အတွင်း ပဲစင်းငုံနှင့် မတ်ပဲထုတ်လုပ်မှုကျဆင်းခဲ့ပြီး အစိုးရက တင်သွင်းခွင့်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် အစိုးရက ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးများကို အကောက်ခွန်လွတ်တင်သွင်းခွင့်အား ၂၀၂၄ ခုနှစ် မတ်လအထိ ခွင့်ပြုထားခဲ့ပြီး ယခုအခါ ၂၀၂၅ ခုနှစ် မတ်လအထိ သက်တမ်းတိုးမြှင့်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ဗဟိုအစိုးရမှ စားတော်ပဲအား အခွန်လွတ်တင်သွင်းခွင့်ကို မတ်လ 2024 အထိခွင့်ပြုခဲ့ပြီး ၎င်းကိုလည်း ၂၀၂၄ ခုနှစ်ဇွန်လအထိ သက်တမ်းတိုးပေးထားသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် မတ်ပဲနှင့် ပဲစဉ်းငုံဈေးနှုန်းများ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အမြင့်ဈေးနှုန်းဖြင့် ရှိနေနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။

Source: Due to demand-supply mismatches, pulses inflation to stay high till October: Experts, The Economic Times, May 20, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News