International News

၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ ၃ သန်းကျော် လာရောက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေလာရောက်မှုမှာ ၃.၀၄ သန်းရှိခဲ့ပြီး ၃ လဆက်တိုက်အဖြစ် ၃ သန်းကျော်ရှိခဲ့ကြောင်း၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၀.၁ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုသည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ သုံးစွဲနိုင်စွမ်းကို တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံ၏အားလပ်ရက်ကာလဖြစ်သည့်အတွက် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုများပြားခဲ့ခြင်းဖြစ်ကြောင်းနှင့် အရှေ့အာရှဒေသမှ သင်္ဘောနှင့်လေယာဉ်တို့ဖြင့် ခရီးသွားဧည့်သည်လာရောက်မှုမှာလည်း များပြားခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားအဖွဲ့၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် မေလတွင် တောင်ကိုရီးယားနှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်မှ ခရီးသွားဧည့်သည်လာရောက်မှုမှာ စံချိန်တင်များပြားခဲ့ကြောင်း၊၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ၁၄.၆၄ သန်းရှိခဲ့ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်၊ မေလနှင့်နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်အများဆုံးလာရောက်ခဲ့သည့်နိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံဖြစ်ပြီး ၇၃၈,၈၀၀ ဦးရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၃.၃ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၂၂.၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်ဒုတိယအများဆုံးလာရောက်ခဲ့သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၅၄၅,၄၀၀ ဦးရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄ ဆကျော်မြင့်တက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၂၇.၉ ရာခိုင်နှုန်းလျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်တတိယအများဆုံးလာရောက်ခဲ့သည့်ဒေသမှာ ထိုင်ဝမ်ဖြစ်ပြီး ၄၆၆,၀၀၀ ဦးရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၃.၆ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၉.၃ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်စတုတ္ထအများဆုံးလာရောက်ခဲ့သည့်နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး ၂၄၇,၀၀၀ ဦးရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၄.၇ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၅၇.၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် လက်ရှိအတိုင်း နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှု ဆက်လက်များပြားနေမည်ဆိုပါက ၂၀၁၉ ခုနှစ်တွင် စံချိန်တင်လာရောက်ခဲ့သည့်ခရီးသွားဦးရေ ၃၁.၈၈ သန်းကိုကျော်လွန်နိုင်ကြောင်း Japan Tourism Agency Commissioner ဖြစ်သူ Ichiro Takshashi က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၁၉-၆-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News