မော်တော်ယာဉ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၆ လဆက်တိုက် မြင့်တက်ခဲ့ပါသည်။ အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယန်း ၈.၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ကနဦးထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၏ သွင်းကုန်မှာ ယန်း ၉.၄ ထရီလီယံ ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်း များပြားခဲ့ကြောင်းနှင့် ၂ လဆက်တိုက် များပြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ မော်တော်ယာဉ်တင်ပို့မှုမှာ ၁၃.၆ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများ တင်ပို့မှုမှာ ၄၅.၉ ရာခိုင်နှုန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအပါအဝင် လျှပ်စစ်ပစ္စည်းများ တင်ပို့မှုမှာ ၂၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ရေနံထွက်ပစ္စည်းများ တင်သွင်းမှုမှာ ၃၉.၈ ရာခိုင်နှုန်းနှင့် ရေနံစိမ်းတင်သွင်းမှုမှာ ၈.၁ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ အရေအတွက်အားဖြင့် ကြည့်မည်ဆိုပါက ပို့ကုန်မှာ ၄ လဆက်တိုက်ကျဆင်းခဲ့ပြီး၊ မေလတွင် ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊အလားတူ သွင်းကုန်အရေအတွက်မှာလည်း ၁.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ပို့ကုန်မှာ တန်ဖိုးအားဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။
၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယန်းငွေတန်ဖိုးအားဖြင့် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀.၉ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ကြေးနီကဲ့သို့သော သတ္တုများ၏ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ဂျပန်နိုင်ငံ၏သွင်းကုန်တန်ဖိုးမှာ ၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဂျပန်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် မေလတွင် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၉ ရာခိုင်နှုန်း များပြားခဲ့ပြီး ယန်း ၁.၇ ထရီလီယံရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိ ရကြောင်း ဖော်ပြထားပါသည်။
Source: The Nikkei Asia (၁၉-၆-၂၀၂၄)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)