International News

အနောက်ဘင်္ဂလားပြည်နယ်တွင် ဈေးကွက်လိုအပ်ချက်မြင့်မားလာမှုကို ဖြည့်ဆည်းနိုင်ရန် ပြောင်း ဟက်တာ ၆၀,၀၀၀ တိုးချဲ့စိုက်ပျိုးမည်

Last Updated:

အနောက်ဘင်္ဂလားပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း တိရိစ္ဆာန်အစာ၊ ကြက်အစာနှင့်ငါးမွေးမြူရေးလုပ်ငန်းအတွက် အစာလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် လာမည့်သုံးနှစ်အတွင်း ပြောင်းစိုက်ဧရိယာ ၆၀,၀၀၀ ဟက်တာအထိ တိုးချဲ့ရန်ဆုံးဖြတ်ခဲ့ကြောင်း ကုန်သည်ကြီးများအသင်းတစ်ခုဖြစ်သည့် ASSOCHAM မှ စီစဉ်ကျင်းပသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အစားအစာထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပြည်နယ်စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရေးနှင့်သစ်သီးဝလံပန်းမန် ဌာနဝန်ကြီး Arup Roy မှ ကြေညာခဲ့ပါသည်။

ထို့ပြင် ဝန်ကြီးက အစိုးရ၊ ပုဂ္ဂလိက၊ ပညာရေးအဖွဲ့အစည်းများနှင့် ပြည်သူ့လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအားဖြင့် တစ်ဦးချင်းစီ၏အားသာချက်များကို အသုံးချနိုင်ပြီး စိန်ခေါ်မှုများကို ပူးတွဲဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်အလုပ်လုပ်နေသူများအနက် ၇၀ ရာခိုင် နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး၊ ယင်းလုပ်ငန်းတွင် အမျိုးသမီးများအား လုပ်ငန်းရှင်များအဖြစ် အားပေးမြှင့်တင်ခြင်းသည် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ်စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရေးနှင့် သစ်သီးဝလံပန်းမန်ဌာန၏ အတွင်းဝန်ဖြစ်သူ  Smaraki Mahapatra က အနောက်ဘင်္ဂလားပြည်နယ်သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအမျိုးအစားများစွာကို  ထိပ်တန်းထုတ်လုပ်သူဖြစ်ပါကြောင်း၊ ဒေသတွင်းဟင်းသီးဟင်းရွက်စားသုံးမှုမှာ တန်ချိန် ၉၅ သိန်းခန့်သာရှိသော်လည်း တန်ချိန် ၁၆၃ သိန်းခန့်ထွက်ရှိပါကြောင်း၊ သစ်သီးဝလံထုတ်လုပ်မှုမှာ တန်ချိန် ၄၀ သိန်းခန့်ရှိပြီး စားသုံးနိုင်မှုမှာ တန်ချိန် ၃၀ သိန်းနှင့် ၃၅ သိန်းအကြားတွင်သာရှိပါကြောင်း၊  ပိုလျှံသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အအေးခန်းထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများဖြင့် အခြားသောပြည်နယ်များနှင့် နိုင်ငံများသို့ တင်ပို့နိုင်ပါကြောင်းနှင့်  အစိုးရသည် ငှက်ပျောသီး၊ နာနတ်သီး၊ ဘလူးဘယ်ရီနှင့် ဂျင်းအပါအဝင် တစ်ရှုးနည်းပညာ အသုံးပြုသောစိုက်ပျိုးမှုများအတွက် အဆင့်မြင့်ထောက်ပံ့ကူညီမှုများပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် အတွင်းဝန်က အနောက်ဘင်္ဂလားပြည်နယ်သည် ဟိမဝန္တာတောင်တန်းနှင့် ကမ်းရိုးတန်းရှိသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်ပြီး သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုအတွက်စံပြဖြစ်အောင် အစိုးရက ကြိုးစားဆောင်ရွက် နေပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် စျေးကွက်အကြား တန်ဖိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုနယ်ပယ်များစွာရှိပါကြောင်း၊ ၎င်းတို့ပြည်နယ်သည် တိုင်းရင်းဆေးပင်များနှင့်စပ်လျဉ်း၍ သမိုင်းကြောင်းကောင်းမွန်ပြီး တိုင်းရင်းဆေး ကုသမှုပိုင်းတွင်လည်း ပံ့ပိုးပေးနိုင်ရန် အလားအလာများစွာရှိပါကြောင်း၊၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်အတွင်းအစားအစာထုတ်လုပ်မှုကဏ္ဍ၌ လုပ်ငန်းပေါင်း ၂၄,၂၁၃ ခုတည်ထောင်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ယင်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန်အတွက် အစိုးရ၊ အစားအစာထုတ်လုပ်သူအဖွဲ့အစည်းများ(FPOs) တောင်သူများနှင့် လုပ်ငန်းရှင်များအကြား မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုတစ်ရပ်လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

Source: West Bengal to expand maize cultivation by 60,000 hectares to meet rising feed demand, The Economic Times, 15 July, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News