International News

အိန္ဒိယအစိုးရက ပဲမျိုးစုံအား အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းဖြင့် အကန့်အသတ်မရှိဝယ်ယူပေးမည်ဟု ကမ်းလှမ်း၍ ပြည်နယ် ၃ ခုအား ပဲမျိုးစုံစိုက်ပျိုးမှုမြှင့်တင်ရန် တွန်းအားပေး

Last Updated:

အိန္ဒိယအစိုးရသည် Bihar ၊ Jharkhand နှင့် Uttar Pradesh ပြည်နယ်တို့ရှိ တောင်သူများအား ၎င်းတို့စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းစသည့်ပဲမျိုးစုံကို အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်း(Minimum Support Price–MSP)ဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းချက်ဖြင့် ယင်းပဲအမျိုးအစားများကို ဦးစားပေးစိုက်ပျိုးရန် ရာသီချိန်စိုက်ပျိုးမှုများမစတင်မီ စနစ်တကျတွန်းအားပေး‌ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်ရွယ်ချက်မှာ ပဲမျိုးစုံစိုက်ပျိုးမှုတိုးမြှင့်ရန်နှင့် ပဲမျိုးစုံသွင်းကုန်မှီခိုမှုလျှော့ချရန်ဖြစ်ကြောင်း၊ သို့ရာတွင် ထုတ်လုပ်မှုရည်မှန်းချက်ကို အစိုးရက သတ်မှတ်ထားခြင်းမရှိဟု အမည်မဖော်လိုသူအရာရှိကြီးတစ်ဦးက ပြောကြားထားကြောင်း သိရသည်။ 

စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားများသက်သာချောင်ချိရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၂-၂၃ ခုနှစ်တွင် Uttar Pradesh ပြည်နယ်မှ ပဲမျိုးစုံတန်ချိန် ၂.၈၅ သန်းခန့်ထုတ်လုပ်ခဲ့ပြီး Jharkhand ပြည်နယ်မှ တန်ချိန် ၇.၆ သိန်း၊ Bihar ပြည်နယ်မှ တန်ချိန် ၄.၅ သိန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ပဲမျိုးစုံဈေးနှုန်းများကိုစီမံခန့်ခွဲသည့် စားသုံးသူရေးရာဝန်ကြီးဌာနသည် National Co-operative Consumers' Federation of India Ltd. (NCCF) အား ယခုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ NCCF သည် ပဲမျိုးစုံဝယ်ယူခြင်းအပြင် ပဲမျိုးစုံစိုက်ပျိုးမှုမြှင့်တင်ရန်အတွက် အရည်အသွေးမြင့်ပဲမျိုးစေ့များကို တောင်သူများသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယဗဟိုအစိုးရသည် ယင်းပြည်နယ်များတွင် နီးစပ်ရာတောင်သူများကို စည်းရုံးလှုံ့ဆော်ဆောင်ရွက်လျက်ရှိသည်ဟု ကြားသိရသော်လည်း ယခုနှစ်ဇွန်လတွင် အထွေထွေရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာပြီးနောက်မှသာ လယ်သမားများအား စည်းရုံးလှုံ့ဆော်မှုများကို အပြည့်အ၀လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနသည် ယခုအစီအစဉ်အား ပိုမိုထိရောက်စေရန်အတွက် ပြည်နယ်အစိုးရများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယအစိုးရမှ ပဲမျိုးစုံစျေးနှုန်းတည်ငြိမ်မှုရှိစေရန် စီမံချက်များစွာဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း လပေါင်းများစွာ ပဲမျိုးစုံဈေးနှုန်းများမြင့်မားလာမှုမှာ စိုးရိမ်စရာဖြစ်လာကြောင်း၊ ဖေဖော်ဝါရီလတွင် ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုမှာ ၁၈.၉ % မှ မတ်လတွင် ၁၇.၇၁ % သို့ သိသိသာသာ ကျဆင်းသွားသော်လည်း ပဲစင်းငုံမှာမူ ထွက်ရှိမှုနည်းပါးသောကြောင့် ၃၃.၅၄% တက်လာခဲ့ကြောင်း သိရသည်။     

Source: Govt nudges 3 states to produce pulses, offers MSP with no bar, The Economic Times, 25 April 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News