လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်ရေးအားပြိုင်မှုများ၊ မူဝါဒမသေချာမရေရာမှုများနှင့် စားသုံးသူယုံကြည်မှုအားနည်းနေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုသည် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်နေရသော်လည်း အိန္ဒိယစီးပွားရေးသည် ခံနိုင်ရည်ရှိနေဆဲဖြစ်ပြီး တည်ငြိမ်သောတိုးတက်မှုလက္ခဏာများ ဆက်လက်ပြသနေကြောင်း၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများ၏ အညွှန်းကိန်းများသည် ၎င်းတို့၏တိုးတက်မှုအရှိန်အဟုန်ကို ဧပြီလတွင် ဆက်လက်ထိန်းထားနိုင်ကြောင်း အိန္ဒိယဗဟိုဘဏ်(RBI)က မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။
ဆက်တိုက်ဖြစ်ပေါ်နေသောကုန်သွယ်ရေးပွတ်တိုက်မှုများ၊ မူဝါဒချမှတ်ရာတွင် မသေချာမရေရာမှုများမြင့်တက်လာခြင်းနှင့် စားသုံးသူယုံကြည်မှုနည်းပါးခြင်းတို့ သည် ကမ္ဘာ့စီးပွားရေးကို ဖိအားဖြစ်စေကြောင်း၊ အခွန်အကောက်များကို ယာယီခေတ္တရပ်ထားသောကြောင့် သက်သာရာရစေသော်လည်း ကမ္ဘာ့စီးပွားရေးအလား အလာမှာ အထိမခံသည့်အခြေအနေဖြစ်နေကြောင်း အစီရင်ခံစာတွင် အဓိက ဖော်ပြထားသည်။
ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးများ(အထူးသဖြင့် အာရှနိုင်ငံများ) သည် အခွန်အကောက်များ၏ သက်ရောက်မှုကြောင့် တိုးတက်မှုနှေးကွေးသွားဖွယ်ရှိကြောင်း၊ ငွေကြေးမတည်ငြိမ်မှုသည်လည်း ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုခန့်မှန်းချက်များအတွက် အဓိကအန္တရာယ်တစ်ခုအဖြစ် မြင်တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ယင်းကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများနှင့်ဆန့်ကျင်စွာ အိန္ဒိယနိုင်ငံ၏ စီးပွား ရေးသည် အားကောင်းလျက်ရှိပါကြောင်း၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍနှစ်ခုလုံးအတွက် ကြိမ်နှုန်းမြင့်ညွှန်းကိန်းများသည် ဧပြီလတွင် ၎င်းတို့၏အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်(GST)များ စံချိန်တင်ကောက်ခံရရှိမှုသည်လည်း အိန္ဒိယနိုင်ငံ၏စီးပွားရေးခိုင်မာအားကောင်းမှုကို ထပ်မံ ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။
စိုက်ပျိုးရေးကဏ္ဍသည်လည်း ကောင်းမွန်သည့်အလားအလာရှိမည်ဟု မျှော်လင့် ထားကြောင်း၊ ဆောင်းရာသီရိတ်သိမ်းမှုကောင်းမွန်ခြင်း၊ နွေသီးနှံစိုက်ပျိုးမှုမြင့်မားခြင်း၊ ၂၀၂၅ ခုနှစ်အနောက်တောင် မုတ်သုံလေအားကောင်းခြင်းများကြောင့် ကျေးလက်ဒေသဝင်ငွေနှင့် အစားအစာထုတ်လုပ်မှုအတွက် အပြုသဘောဆောင်သောလက္ခဏာများဖြစ်ကြောင်း၊ ဗဟိုဘဏ်က အိန္ဒိယသည် ငွေကြေး၊ ဘဏ္ဍာရေး နှင့် နိုင်ငံရေးတည်ငြိမ်မှု၊ မူဝါဒညီညွတ်မှုနှင့်သေချာမှု၊ သဟဇာတဖြစ်သောစီးပွား ရေးပတ်ဝန်းကျင်နှင့် ခိုင်မာသောမက်ခရိုစီးပွားရေးအခြေခံများမှ ပံ့ပိုးထားသောစီးပွားရေးအဖြစ် ဆက်လက်ရှိနေသည်ဟု ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုအလားအလာမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်း Consumer Price Index(CPI) ငွေကြေးဖောင်းပွမှုသည် ၂၀၁၉ ခုနှစ် ဇူလိုင်လနောက်ပိုင်း ခြောက်လဆက်တိုက်ကျဆင်းခဲ့ပြီး ၎င်း၏အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း၊ ယင်းကျဆင်းမှုသည် အဓိကအားဖြင့် စားသောက်ကုန်စျေးနှုန်းများ ဆက်လက်ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပြည်တွင်းဘဏ္ဍာရေးဈေးကွက်များသည် ဧပြီလ၌ ဖိအားများအောက်တွင်ရှိခဲ့သော် လည်း မေလတတိယပတ်တွင် အလှည့်အပြောင်းကို စတင်မြင်တွေ့ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မော်တော်ယာဉ်ကဏ္ဍ၏ အလားအလာမှာမူ ရောထွေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် ယခင်နှစ်ကရောင်းချမှုအလွန်မြင့်တက်ခဲ့ခြင်းကြောင့် မော်တော်ဆိုင်ကယ်ရောင်းဝယ်မှုအပေါ် သက်ရောက်မှုရှိခဲ့ပြီး ဧပြီလတွင် လက်ကားရောင်းချမှုမှာ ယခင်နှစ်ထက် ၁၃.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။
သို့ရာတွင် ထွန်စက်ရောင်းချမှုမှာ အရှိန်နှေးသွားသော်လည်း အားကောင်းသည့် တိုးတက်မှုကို တွေ့ရှိရကြောင်း၊မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းသည် ယခင်နှစ်ထက် ၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ၂၀၂၅ ခုနှစ် ဧပြီလတွင်ခြောက်လအတွင်း အမြင့်ဆုံးတိုးတက်မှုအဖြစ် တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ယေဘုယျအားဖြင့် အိန္ဒိယဗဟိုဘဏ်၏ အစီရင်ခံစာတွင် ဖွံ့ဖြိုးပြီးသောနိုင်ငံများ သည် စီးပွားရေးမသေချာမရေရာမှုများဖြင့်ရုန်းကန်နေရသဖြင့် အိန္ဒိယသည် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းသော ဦးတည်ရာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေကြောင်း အလေးပေးဖော်ပြထားပါသည်။
Source: Trade tensions, policy uncertainty still hurting global growth, but India shows resilience: RBI, The Economic Times, May 22, 2025.