International News

ဝန်ကြီးချုပ် Narendra Modi က အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်အသစ်ဖြစ်ကြောင်း ပြောကြား

Last Updated:

ဝန်ကြီးချုပ် Narendra Modi က အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသသည် "ကျွန်ုပ်တို့၏ ကွဲပြားခြားနားသောနိုင်ငံ၏ အကွဲပြားဆုံးအပိုင်း" ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ကြီးထွားလာမည့် အင်ဂျင်အသစ်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း The Live Mint သတင်းဌာနက ယခုလ ၂၃ ရက်က ဖော်ပြသည်။ အဆိုပါပြောကြားချက်ကို နယူးဒေလီမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် Rising Northeast ရင်းနှီးမြှုပ်နှံသူများထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မူဝါဒချမှတ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စက်မှုလုပ်ငန်းခေါင်းဆောင်များ စုဝေးရာဖြစ်သော အဆိုပါအစည်းအဝေးသို့ပြောကြားရာတွင် Modi က ယခင်က နယ်စပ် ဒေသတစ်ခုအဖြစ်သာ ရှုမြင်ခံခဲ့ရသော အဆိုပါဒေသသည် ယခုအခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သည့်ပြည်နယ်များအဖြစ် ပေါ်ထွန်းလာနေကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အတွက် အရှေ့ဆိုတာ ဦးတည်ရာတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် အရှေ့ဆိုတာ စွမ်းဆောင်ရည်မြှင့်တင်ဖို့၊ လုပ်ဆောင်ဖို့၊ ခိုင်မာအောင်လုပ်ဖို့နဲ့ ပြောင်းလဲဖို့ကို ဆိုလိုပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အရှေ့မြောက်ပိုင်းဒေသ၏စီးပွားရေးအလားအလာများကို ဖော်ထုတ်ရန် အစိုးရ ၏အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်မှုအပေါ် အာရုံစိုက်မှုကို အလေးထား ပြောကြားခဲ့သည်။

"ကုန်သွယ်မှုကနေ ရိုးရာအထိ၊အထည်အလိပ်ကနေ ခရီးသွားလုပ်ငန်းအထိ၊ အရှေ့ မြောက်ပိုင်းရဲ့ ကွဲပြားမှုက သူ့ရဲ့ခွန်အားပါပဲ။ အရှေ့မြောက်ပိုင်းဆိုတာ ဇီဝစီးပွား ရေး၊ ဝါး၊ လက်ဖက်ထုတ်လုပ်မှု၊ ရေနံ၊ အားကစား၊ ကျွမ်းကျင်မှု၊ ဂေဟစနစ်ခရီး သွားလုပ်ငန်းရဲ့ ပေါ်ထွန်းလာတဲ့ဗဟိုချက်နဲ့ အော်ဂဲနစ်ထုတ်ကုန်တွေအတွက် ကမ္ဘာသစ်တစ်ခုကို ဆိုလိုပါတယ်။အရှေ့မြောက်ပိုင်းဟာ စွမ်းအင်ရဲ့ဓာတ်အားပေး စက်ရုံပါ။ အရှေ့မြောက်ပိုင်းက ကျွန်တော်တို့အတွက် 'Ashta Lakshmi'(စည်းစိမ်ဥစ္စာ၏ နတ်ဘုရား မရှစ်ပါး)ပါပဲ" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏မိန့်ခွန်းမပြောမီကပင် စက်မှုလုပ်ငန်းခေါင်းဆောင်များက ဒေသတွင်း စီးပွားရေးကို ပြောင်းလဲနိုင်မည့် အဓိကရင်းနှီးမြှုပ်နှံမှုကတိကဝတ်များကို ကြေညာခဲ့ကြောင်း သိရသည်။ Reliance Industries ၏ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲမှုဒါရိုက်တာ Mukesh Ambani က စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့်ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပန်းတိုင်ရည်မှန်း ချက်ထား၍ လာမည့်ငါးနှစ်အတွင်း ရူပီး ၇၅,၀၀၀ ကုဋေရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

Adani Group ၏ ဥက္ကဋ္ဌ Gautam Adani ကလည်း ယခုနှစ်အစောပိုင်းတွင် ၎င်း၏ အဖွဲ့က အာသံပြည်နယ်၌ ရူပီး ၅၀,၀၀၀ ကုဋေရင်းနှီးမြှုပ်နှံရန် ကတိပြုထားခဲ့ပြီးဖြစ်ရာ ယင်းအပြင် လာမည့်ဆယ်စုနှစ်အတွင်း စိမ်းလန်းစွမ်းအင်၊ လမ်းများနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရူပီး ၅၀,၀၀၀ ကုဋေထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါထိပ်သီးအစည်းအဝေးသည် မဟာဗျူဟာမြောက်သော်လည်း ဖွံ့ဖြိုးမှုနောက်ကျခဲ့သည်ဟု အစဉ်အလာအရ ရှုမြင်ခံရသောအရှေ့မြောက်ပိုင်းဒေသအပေါ် ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားမှု သိသိသာသာပြောင်းလဲလာမှုကို ပြသနေကြောင်း တွေ့ရှိရသည်။ အိန္ဒိယအစိုးရ၏ပံ့ပိုးမှုနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ ကတိကဝတ်များ တိုးမြှင့်လာသည်နှင့်အမျှ ယင်းဒေသသည် ကြီးထွားမှု၊ ဆန်းသစ် တီထွင်မှုနှင့် စိမ်းလန်းသော အသွင်ကူးပြောင်းမှုအတွက် စီးပွားရေးစင်္ကြံတစ်ခုအဖြစ် နေရာယူလာနေ ကြောင်း သိရသည်။

Source: The Live Mint, PM Modi pitches Northeast as India’s new growth engine at investor summit, May 23, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News